4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Work From Home (1)

တနေ့ရုံးမှာထိုင်နေတုန်း ကျနော့မန်နေဂျာနယူးဇီလန်သား ကျနော့်ကိုလာစကားပြောပါတယ်။ ကျနော့်ကို အိမ်ကနေအလုပ်လုပ်နိုင်မလားလာမေးတာပါ။ အခုလက်ရှိရုံးရဲ့ နေရာထိုင်ခင်းအနေအထား၊ နောက်ရောက်လာမယ့်လူအသစ်တွေနဲ့ crowed ဖြစ်တော့မှာမို့လို့ သူစိတ်ချရတဲ့လူတွေကို အိမ်ကနေအလုပ်လုပ်နိုင်မလားပေါ့။ ကျနော်ကတော့ “ဟား လုပ်မှာပေါ့၊” ဒါမျိုးစောင့်နေတာကြာပြီလေ။ ပြီးတော့ကျနော့်အလုပ်ကလည်း လက်ရှိမှာကို ရုံးသွားရင်တောင် လူကရန်ကုန်မှာထိုင်နေတာကလွဲလို့ အလုပ်ကဟိုးပစိဖိတ်သမုဒ္ဒရာအလယ်ခေါင်က ကျွန်းလေးတွေက system တွေကို remote နဲ့လှမ်းလုပ်ပေးနေရတာပါ။ လူကိုယ်တိုင်လည်း အဲ့ဒီနေရာတွေကို တခါမှမရောက်ဖူးပါဘူး။ အင်တာနက်ရှိရင် ၂၄နာရီမရွေးအလုပ်လုပ်လို့ရတယ်ပေါ့လေ။

အိမ်ကနေအလုပ်လုပ်သင့် မလုပ်သင့်ဆိုတာ မြန်မာပြည်လိုရှေးရိုးစွဲတိုင်းပြည်တစ်ခုအသာထားလို့ တိုးတက်တဲ့နိုင်ငံခြားတိုင်းပြည်တွေမှာတောင် အငြင်းပွားနေကြတုန်းပါ။ တချို့ကလည်းကောင်းတယ်။ တချို့ကလည်းမကောင်းဘူးပေါ့လေ။ တကယ်တော့ တချို့သောလူကိုယ်တိုင် သတ်မှတ်ထားတဲ့နေရာမှာထိုင်ပြီးလုပ်မှ၊ Human-communation လိုအပ်တဲ့အလုပ်တွေကလွဲပြီး work-from-home ဆိုတာကြိုဆိုရမယ့်အချက်တစ်ခုပါ။ အထူးသဖြင့် အိုင်တီနဲ့ပတ်သက်တဲ့အလုပ်အကိုင်မျိုးတွေ၊ ဘာသာပြန်အလုပ်မျိုးတို့၊ ဒီဇိုင်နာတို့လိုမျိုး သိပ်စကားများများမပြောရတဲ့အလုပ်မျိုးတွေပေါ့။ အရောင်းစာရေးလို၊ လေယာဉ်မယ်လိုမျိုး။ Office Admin လိုအလုပ်မျိုးကျ အိမ်ကလုပ်ချင်လို့ဘယ်ဖြစ်ပါ့မလဲ။

အခုရန်ကုန်မြို့ကြီးရဲ့ လူကြပ်ကားကြပ်ပြဿနာကို နည်းလမ်းပေါင်းစုံနဲ့စဉ်းစားနေကြတယ်။ လမ်းတွေချဲ့တာ၊ မိုးပျံတံတားတွေဆောက်တာ၊ ကားပါကင်တွေဆောက်တာ စသည်ဖြင့် ပုံမှန် conventional သမရိုးကျလုပ်ကိုလုပ်ရမယ့်နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ကြိုးစားကြတယ်။ ဒီပြင်တခြား unconventional နည်းလမ်းတွေကော မရှိဘူးလား။ လမ်းပေါ်ကားတွေထွက်လာတာနည်းအောင်လုပ်လို့မရဘူးလား။ နည်းလမ်းတစ်ခုကတော့ အိမ်ကနေအလုပ်လုပ်ခြင်းပါပဲ။ အိမ်ကနေလုပ်လို့ရတဲ့ အလုပ်တွေများများပေါ်လာရင် ယာဉ်ကျောကြပ်တဲ့ကိစ္စကို ရာခိုင်နှုန်းတစ်ခုလောက်အထိတော့ လျှော့ချနိုင်လိမ့်ပါလိမ့်မယ်။

နောက်တခုကရန်ကုန်မြို့ကလူအများစုတွေရဲ့ အဓိကပြဿနာတစ်ခုက မိမိတို့ရဲ့အချိန်အများစုကို ဘတ်စ်ကားပေါ်မှာ အလဟဿပြုန်းတီးနေကြရတာပါပဲ။ အိမ်ကနေလုပ်လို့ရရင် အလုပ်ရှိတဲ့နေရာကို တတန်တကသွားစရာမလိုတာကြောင့် အချိန်ကုန်သက်သာမယ်။ မိသားစုကိုလည်း အချိန်ပိုပေးနိုင်လာလိမ့်မယ်။ တခြားမိမိဝါသနာပါရာ၊ လေ့လာစရာတခုခုကို အချိန်ပေးလာနိုင်ပါလိမ့်မယ်။ အိမ်ကအလုပ်လုပ်ခြင်းဆိုတဲ့ သဘောသဘာဝကိုက အလုပ်ပြီးရင်ပြီးစတမ်း (Job done) ကိုပဲကြည့်တာဆိုတော့ လက်ရှိတနေ့စာအလုပ်ပြီးတာနဲ့ ပြီးပါပြီ။ ကျန်တာမိမိကိုယ်ပိုင်အချိန်ဖြစ်ပြီ။ ရုံးမှာလိုအလုပ်ပြီးရင်တောင် ရုံးမဆင်းမချင်းအလုပ်လုပ်ချင်ယောင်ဆောင်စရာမလိုတော့ဘူးလေ။ ကျန်တဲ့အချိန် ကိုယ့်ဘာသာကိုယ် ကိုရီးယားကားပဲကြည့်ကြည့်၊ စာပဲကျက်ကျက်၊ ဟင်းပဲချက်စားစား၊ တခြားအပိုဝင်ငွေရအောင် site project တွေပဲလုပ်လုပ် ကိုယ့်ကိုစောင့်ကြည့်နေတဲ့သူမရှိဘူးဆိုတဲ့အသိက တော်တော်စိတ်ချမ်းသာစရာကောင်းတယ်။

နောက်တခုက အိမ်မှာနေတဲ့အတွက် ရုံးတွင်းဖိအားနည်းတယ်။ ဖိအားနည်းတော့ အလုပ်လုပ်နေရပေမဲ့ အလုပ်လုပ်နေတယ်လို့ကိုယ့်ဘာသာမထင်တဲ့အတွက် Productivity ပိုထွက်လာတယ်။ အလုပ်မြန်မြန်တွင်တယ်။ တနေကုန်လုပ်ဆိုလဲ လုပ်နေနိုင်တယ်။

ဘယ်အရာမဆို အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာပါပဲ။ အကောင်းများရင် ဒီအလုပ်ကကောင်းတယ်ပြောကြပြီး အဆိုးများရင်ဒီအလုပ်ကမကောင်းဘူးပေါ့။ ပြောခဲ့ပြီးတဲ့အရာတွေကတော့ အိမ်ကနေအလုပ်လုပ်ခြင်းရဲ့ကောင်းကွက်တချို့ပေါ့လေ။ ဆိုးကွက်တခုကတော့ အလုပ်ကိုအိမ်မှာယူလုပ်တဲ့အတွက် ကိုယ်ပိုင်အချိန်နဲ့အလုပ်ချိန်နဲ့ကြားမှာ မျဉ်းကဝေဝါးသွားပါတယ်။ ညနေငါးနာရီအလုပ်ပြီးတာနဲ့ ရုံးကအလုပ်ရုံးမှာထားခဲ့လို့မရတော့ပါဘူး။ ရှေ့မှာပြောခဲ့သလို ရုံးတွင်းဖိအားမရှိတဲ့အတွက် အလုပ်ကိုလုပ်မှန်းမသိလုပ်ရင်း မိမိကိုယ်ပိုင်အချိန်တွေပါ ပေးမိရက်သားဖြစ်သွားတတ်တယ်။ နောက်တခုကတော့ လူအများနဲ့တွေ့ကြုံဆက်ဆံရတဲ့ human-interaction နည်းသွားတာပါပဲ။ ခုခေတ်မှာ Video conferencing တွေ၊ Skype တွေကနေ real-timeဆက်သွယ်လို့ရတယ်ဆိုပေမဲ့ လူကိုယ်တိုင်ထိတွေ့ဆက်ဆံရတဲ့ အတွေ့အကြုံ၊ လူကိုယ်တိုင်ရှင်းပြလိုက်လို့ရသွားတဲ့ နားလည်မှုမျိုးကိုတော့ တော်ရုံမမှီပါဘူး။ ဆိုတော့တစ်ယောက်တည်းနေတာကြာသွားပြီး ပေါင်းသင်းဆက်ဆံရေးနည်းသွားတတ်တယ်။

ခုပြောခဲ့တာတွေကတော့ အိမ်ကနေအလုပ်လုပ်ခြင်းအကြောင်းနဲ့ သူ့ရဲ့အကောင်းအဆိုးတွေပါပဲ။ နောက်တစ်ပိုင်းမှ အိမ်ကနေအလုပ်လုပ်တဲ့အခါ ထားရမယ့် professional ပုံစံနဲ့ အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာရေးပါဦးမယ်။


### Originally posted on [AP's Journal](http://dopus2.engrave.site/work-from-home-1). Steem blog powered by [ENGRAVE](https://engrave.website).
16 upvotes $0.04

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: