4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သီအိုရီထောင့်ချိုး

(၁)
ညကောင်းကင်မှာ ကြယ်တို့လည်း တလွင်လွင် ဝေခဲ့ချေပြီ ၊၊ ပါးလှပ်သော ညည့်လေက တသက်သက် ဖြတ်သန်းတိုးဝင်ဆဲ ၊၊ မြေတကောင်းတစ်အိုးနှင့် မြေခွက်နှစ်ခွက်ကို အလယ်တွင် ချကာ မြင်းရုပ်ကလေးနှစ်ရုပ် ငြိမ်ငြိမ်သက်သက် ထိုင်နေကြ၏ ၊၊ တူညီသောအတွေးတစ်ခု၌ ဝင်စားကာ သူတို့နှစ်ဦးလုံး အခိုက်အတန့် စကားမဲ့နေကြတော့၏ ၊၊

အတန်ကြာမှ မြေတကောင်းအိုးကို မကာ မြေခွက်များထဲသို့ တစ်ဦးက လောင်းထည့်လေ၏ ၊၊ မွှေးမြသောမီးတောက်အရက်က တသွင်သွင် စီးကျ၏ ၊၊ ထို့နောက် အရက်တစ်ခွက်ကို သူ့ရှေ့ချပြီးနောက် တစ်ခွက်ကို နောက်တစ်ဦးရှေ့သို့ တိုးပေးလိုက်၏ ၊၊ သူက တည်ငြိမ်အေးဆေးစွာ လုပ်ဆောင်နေခြင်းဖြစ်၏ ၊၊ သူ့လှုပ်ရှားမှုအစအဆုံးကို ကြည့်ရင်း ကျန်မြင်းရုပ်ကလေးက မသိမသာပြုံးနေလေသည် ၊၊ ထို့နောက် သူ့ရှေ့တွန်းပေးသော အရက်ခွက်ကို ဆတ်ခနဲဆွဲယူပြီး တစ်ချက်တည်း မော့သောက်ပစ်လိုက်၏ ၊၊

ပြင်းရှပူကျွမ်းသော မီးတောက်အရက်ကြောင့် သူ့မျက်နှာ ရဲဗတောင်းခတ်သွားသည် ၊၊ သို့သော် အမူအရာကား မပျက်ချေ ၊ အရက်ငှဲ့ပေးသော မြင်းရုပ်ကလေးက သူ့ကိုကြည့်ပြီး ကြည်လင်စွာ ပြုံးလာ၏ ။ ထို့နောက် နှစ်ဦးစလုံး အဝေးသို့ငေးကာ ငြိမ်သက်သွားကြပြန်၏ ၊၊ အတန်ကြာမှ စကားတစ်ခွန်းကို ပြိုင်တူပြောမိလိုက်ကြသည် ၊၊

“ နက်ဖြန်ပွဲ အရေးကြီးတယ် ”

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး လေးနက်စွာ ၊ ပြီးတော့ လေးစားစွာ ကြည့်လိုက်ကြသည် ၊၊ သူတို့နှစ်ဦးစလုံး မနက်ဖြန်ပွဲမှာ အစွမ်းပြကြရလိမ့်မည် ၊၊ သို့အတွက် အရက်ငှဲ့ပေးသော မြင်းရုပ်ကလေးက ပြောသည် ၊၊

“ ငါ .... အိပ်တော့မယ် ... အိပ်ရေးဝအောင် အိပ်ထားရမယ် ”

အရက်မော့သောက်သော မြင်းရုပ်ကလေးကလည်း မြေပြင်ကို စိုက်ကြည့်ရင်း တစ်လုံးချင်းပြောသည် ၊၊

“ ငါ .... ပြန်တော့မယ် ၊ ထပ်လေ့ကျင့်ရဦးမယ် ”

ထို့နောက် သူတို့ လမ်းခွဲကြသည် ၊၊ လှည့်အထွက်မှာပဲ အရက်ငှဲ့ပေးသော မြင်းရုပ်ကလေးက သူငယ်ချင်းဖြစ်သူကို လှမ်းအော်ပြောသွားသည် ၊၊

“ မင်းကို ရဲတိုက်ကြီးက ပြောစရာရှိတယ် .... တဲ့ ”

(၂)

မိုးပေါ်ကို မော့ကြည့်တော့ .... ခုနှစ်စဉ်ကြယ်ပင် ကင်းမြီးကောက် ထောင်နေချေပြီ ၊၊ ခက်ခဲသော တိုက်ခိုက်ရေးလေ့ကျင့်မှုများကို ပြုပြီးကာစဖြစ်၍ သူ့တစ်ကိုယ်လုံးမှာ ချွေးမိုး ဖြိုက်ဖြိုက်ရွာနေသည် ၊၊

ညည့်ဦးက သူငယ်ချင်းနှင့်သောက်ထားသော မီးတောက် အရက်တစ်ခွက်ပင် ဘယ်ရောက်သွားပြီမသိ ၊၊ ကွင်းလယ်မှာရပ်နေသော သူ့ကို ကွင်းထဲမှဖြတ်သွားသော ညည့်လေတို့က ဝင်တိုက်ကြပြန်၏ ၊၊ မနက်ဖြန်ရင်ဆိုင်ရမည့် စိန်ခေါ်ပွဲအတွက် သူ့အသက်ရှူသံ ပြင်းထန်နေရသည် ။ ထိုစဉ်မှာပင် သူ့အနီးသို့ အရိပ်တစ်ခု ချဉ်းကပ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ရဲတိုက်အိုကြီးကို တွေ့ရသည် ၊၊ ပြုံးပြနှုတ်ဆက်ရင်း သူငယ်ချင်းပြောသွားသော စကားကို အမှတ်ရလိုက်မိ၏ ၊၊

“ ရဲတိုက်ကြီး .... ကျွန်တော့်ကို ပြောစရာရှိလို့ .... ဆို ”

ရဲတိုက်အိုကြီးက သူ့ကို စူးစူးကြည့်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြ၏ ၊၊

“ ဟုတ်တယ် .... တို့ထိုင်ကြတာပေါ့ ၊ အေးအေးဆေးဆေး ပြောကြဆိုကြတာပေါ့ ”

စကားအဆုံးမှာပဲ ရဲတိုက်ကြီးက ထိုင်ချသဖြင့် သူပါ လိုက်ထိုင်ရလေသည် ။

ရဲတိုက်ကြီးက ချွေးဖြင့်စိုလက်နေသော သူ့ကိုကြည့်ရင်း ....
“ ခုလိုကြိုးစားတာ ချီးကျူးစရာပါပဲ ၊ မင်းတို့မြင်းရုပ်နှစ်ရုပ်လုံး သိပ်တော်ကြပါတယ် ၊ မင်းတို့ကြောင့် ငါတို့အဖွဲ့ ပွဲတိုင်းအောင်မြင်ခဲ့ရတာ ဘယ်သူမှ ငြင်းလို့မရပါဘူး ၊၊ ပရိတ်သတ်က မင်းတို့ကို အသိအမှတ်ပြုသလို ငါတို့အချင်းချင်းကလည်း မင်းတို့ကို ပြန်အသိအမှတ်ပြုရတာပါပဲ ၊ ဒါ မင်းတို့အတွက် ဂုဏ်ယူစရာပါ ”

ရဲတိုက်အိုကြီးပြောသည်ကို နားထောင်ရင်း စကားက ဘယ်ကိုဦးတည်မည်နည်း ...ဟု သူ ကြိုတင်တွေးတောနေမိသည် ၊၊ ရဲတိုက်ကြီးမှာ အရေးကြီးသော အကြောင်းအရာတစ်ရပ်ရပ် ပါလာပုံရသည် ၊၊ သူ ဆက်နားထောင်နေလိုက်၏ ၊၊

“ တို့ကစားရမယ့် နက်ဖြန်ပွဲဟာ သိပ်အရေးကြီးတဲ့ စိန်ခေါ်ပွဲဆိုတာ အထူးအထွေ ပြောပြနေစရာမလိုတော့ဘူး ၊ အားလုံးသိပြီးသားပဲ ၊ တို့တစ်တွေလည်း ကြိုးစားကြတယ် ၊ အေး .... အထူးသဖြင့် ကျန်တဲ့သူတွေက မင်းတို့နှစ်ဦးကို သိပ်အားထားကြတယ် ။ အေး .... ဟုတ်ပြီ ၊ အဲဒီမှာ မင်းတို့နှစ်ဦးထဲက မင်းကို ငါ့မှာ ဆွေးနွေးအကြံပေးစရာရှိတယ် ”

သူနှင့်ရဲတိုက်ကြီးတို့ မျက်လုံးချင်းဆိုင်နေမိကြ၏ ၊၊ မည်သူကမှ မလွှဲကြဘဲ အတန်ကြာမှ ရဲတိုက်ကြီးက သက်ပြင်းတစ်ချက်ချကာ ဆက်ပြော၏ ၊၊

“ မင်းဟာ သိပ်လျင်မြန်ပါတယ် ၊ သိပ် ရဲရင့်ပါတယ် ၊ ပွဲတိုင်းလိုလိုမှာ တစ်ဖက်က ရန်သူတွေရဲ့ အကြောက်ရဆုံးပုဂ္ဂိုလ်ဟာ မင်းဖြစ်ခဲ့တယ် ၊ ဒါပေမယ့် မင်းမှာ သတိထားစရာ တစ်ချက်ရှိတယ် ”

သူ .... အသက်ရှူ ခဏရပ်သွား၏ ၊၊ ပြီးမှ တည်ငြိမ်သော ဝင်သက်ထွက်သက်ကို ရှူရှိုက်ယူရင်း “ ပြောပါ ” ဟု စကားထောက်ပေးလိုက်၏ ၊၊

ရဲတိုက်ကြီးက စကားဆက်၏ ၊၊

“ အဲဒီအချက်က ဘာလဲဆိုတော့ မင်းဟာ ရန်သူ့ဖက်က နယ်ရုပ်ကလေးတွေကို သိပ် .... အနားကပ်ခံတယ် ၊ သူတို့ကို မင်း ပေါ့ပေါ့ဆဆ သဘောထားတယ် ၊၊ ဒါဟာ မင်းကိုယ်မင်း ကာကွယ်ရေးအတွက် အားနည်းချက်ဖြစ်လာနိုင်တယ် ”

သူက ခေါင်းညိတ်ပြလိုက်၏ ၊၊

“ ဟုတ်ပါတယ် ၊ အဲဒီလို ကျွန်တော်က သူတို့ကို အနားကပ်ခံထားတဲ့အတွက်ကြောင့် ရန်သူက ကျွန်တော့်ကို လျှော့တွက်နေတဲ့အချိန်မှာ မမျှော်လင့်တဲ့တိုက်ကွက်တွေကို ထုတ်နိုင်ခဲ့တာ ပွဲပေါင်းမနည်းတော့ပါဘူး ၊၊ ဒီလုပ်ရပ်ဟာ ကျွန်တော်က ရန်သူကို ပြန်မျှားထားတဲ့ ပရိယာယ်ဖြစ်ပါတယ် .... ”

ရဲတိုက်ကြီးက မျက်မှောင်ကြုတ်သွား၏ ၊၊

“ ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ နယ်ရုပ်ကလေးတွေကို အထင်သေးလို့မရဘူးဆိုတာ သိထားရမယ် ၊၊ မင်းရဲ့ပရိယာယ်မှာ မင်း .... ပြန်မကျဆုံးပါစေနဲ့ .... ”

သူက ဘာမှပြန်မပြောဘဲ မထီတရီပြုံးနေလိုက်သည် ၊၊ ရဲတိုက်ကြီးက စကားဆက်ပြော၏၊၊

“ မင်းတို့မြင်းရုပ်နှစ်ရုပ်မှာ မင်းက အတင့်ရဲတယ် ၊၊ ကျန်တစ်ရုပ်က မပိုင်ဘဲမလုပ်ဘူး ၊၊ မင်းက အခြေအနေကို ဇွတ်ဖန်တီးတယ် ၊၊ ကျန်တစ်ရုပ်က အချိန်စောင့် လုပ်တယ် ၊၊ သူမှန်ပြီး မင်းမှားတယ် ”

သူက မဆိုင်းမတွ တုန့်ပြန်လိုက်၏ ၊၊

“ သူမှန်တာ ဟုတ်ပါတယ် ၊၊ ဒါပေမယ့် ကျွန်တော်လည်း မမှားပါဘူး ရဲတိုက်ကြီး ရဲ့ .... ”

ပြောပြီး သူက ရယ်လေသည် ၊၊

ရဲတိုက်ကြီးက သူရယ်တာကို မမှိတ်မသုန် ကြည့်နေရင်း ....
“ ပါးနပ်လိမ္မာဖို့ ချင့်ချိန်တတ်ဖို့ သိပ်လိုအပ်တယ်၊ တရုတ်စစ်ပါရဂူကြီး “ ဆွန်ဇူး ”ရဲ့စစ်နိုင်ရေးမူ (၅)ချက်ဟာ ဒီသဘောတရားပေါ်မှာပဲ အခြေခံထားတယ် ”

သူက ပိုရယ်ပြန်သည်၊၊ ပြီး ....
“ ဂျာမန်စစ်ပါရဂူ " ကလော့ဇဝိတ် "ကလည်း ပြောတယ် ရဲတိုက်ကြီးရဲ့၊၊ စဉ်းစားလွန်းရင် ဘာမှ လုပ်လို့မရဘူးတဲ့ ”

ထို့နောက် ခပ်ညည်းညည်းဟန်ပန်ဖြင့် သူကပဲ ဆက်ပြောလိုက်ပြန်သည် ၊၊

“ ကျွန်တော် ဘယ်သူ့ကိုမှ မမှုပါဘူး ”

ဤစကား မှန်ပေသည် ၊၊ ဤမြင်းရုပ်နှစ်ရုပ်က တစ်ဖက်မှ “ ဘုရင်မ ” ကိုပင် အမိဖမ်း၍ ကစားတတ်ကြသူများဖြစ်၏ ။

“ ဘုရင်မကိုတောင် မမှုတဲ့ ကျွန်တော်က နယ်ရုပ်ကလေးကို နည်းနည်းတော့ လွှတ်ပေးလိုက်တာပါပဲ ၊၊ မစိုးရိမ်ပါနဲ့ ရဲတိုက်ကြီးရာ ၊ နယ်ရုပ်ရဲ့ " စွမ်းရည် " ဟာ ဘာမှ မရှိပါဘူး ”

ထိုသို့ဖြင့် သူတို့၏ဆွေးနွေးမှုသည် အပေးအယူလွဲနေသော ဆွေးနွေးမှုသာဖြစ်ခဲ့၏ ၊၊ အတော်ကြာမှ ရဲတိုက်ကြီး ပြန်သွား၏ ၊၊ တရွေ့ရွေ့ဝေးသွားသော ရဲတိုက်ကြီး၏ကျောပြင်ကို ငေးကာ သူအတွေးတွေ ကသီကဝေဖြစ်ပြီး ကျန်ခဲ့လေသည် ၊၊

(၃)

တိုက်ပွဲက ကြောက်ခမန်းလိလိ ပြင်းထန်လေသည် ၊၊ အသက်ရှုတစ်ချက်မမှားရဲသော ကြမ်းတမ်းသည့်တိုက်ချက်များက စစ်တုရင်ခုံပေါ်မှာ စုန်ချည်ဆန်ချည် ဒုန်းစိုင်းသွားနေသည် ၊၊ မျှော်လင့်ထားသည့်အတိုင်းပင် ၊၊ သူတို့ဖက်မှ မြင်းရုပ်နှစ်ရုပ်က
လှလှပပနှင့် ရက်ရက်စက်စက် အစွမ်းပြလေသည် ၊၊ ပြိုင်ဖက်အရုပ်များကလည်း ထက်မြက်ကြ၏ ၊၊ တန်ပြန်ထိုးစစ်ကို အကြိတ်အနယ် ပစ်လွှတ်ခင်းကျင်းလေသည် ၊၊

ထိုသို့ဖြင့် တိုက်ပွဲသည် ကြည့်ကောင်းသည်နှင့်အမျှ ဘက်ညီနေသည် ၊၊ အနိုင်အရှုံးကို တွက်ဆရခက်နေသည် ၊၊ ရဲတိုက်ကြီးက သူတို့၏မြင်းရုပ်နှစ်ရုပ်ကို အကဲခတ်ကြည့်လိုက်၏ ၊၊ ညာဖက်ဝင်းမှ မြင်းရုပ်ကလေးက တည်ငြိမ်ရှင်းလင်းစွာ တိုက်နေ၏ ၊၊ သူ့ကိုက စိတ်ချရလေသည် ။ ဘယ်ဖက်ဝင်းမှ မြင်းရုပ်ကတော့ အလျှင်မြန်ဆုံး လှုပ်ရှားရင်း တိုက်စစ်ကို တရကြမ်းနှင်နေသည် ၊၊

တိုက်ပွဲက တစထက်တစ အဆင့်မြင့်လာချေပြီ ၊၊ ရှုပ်ထွေးနက်နဲသော ဗျူဟာအားပြိုင်မှုများဖြင့် ပရိတ်သက်ကို ရင်ထဲနင့်သွားလောက်အောင် သူတို့၏စွမ်းရည်ကို ထုတ်ပြနိုင်ကြ၏ ၊၊ ရဲတိုက်ကြီးကလည်း သူ့လမ်းကြောင်းမှာ အကောင်းဆုံးဖြစ်အောင် ထိုးဖောက်တိုက်ခိုက်နေ၏ ၊၊ မျက်လုံးကိုဝင့်ပြီး တိုက်ပွဲတစ်ပွဲလုံးကို အကဲခတ်လိုက်သောအခါ သူ " ထိတ်ကနဲ " စိုးရိမ်သွားမိသည် ၊၊

ဘယ်ဖက်မြင်းရုပ်အနီးသို့ ရန်သူ့ဘက်မှ နယ်ရုပ်တစ်ရုပ်က မသိမသာ ချဉ်းကပ်နေချေပြီ ။ စိုးရိမ်ရသောအကွာအဝေးသို့ ရောက်နေ၏ ။ မြင်းရုပ်ကလေးကတော့ သူ့ရှေ့မှ ဘုရင်မကို တာစူမာန်ကြွနေသည်။ ရဲတိုက်ကြီးက ထိုမြင်းရုပ်အနီးသို့ သူ့ကိုယ်သူ ရွှေ့ပြောင်းရန် အရှိန်ယူလိုက်သည် ။

ထိုအခိုက်မှာပင် ...
" အား ..."
" ဟာ ..."

ဘယ်ဖက်မြင်းရုပ် ကျလေပြီ ။ တိတ်တဆိတ် ချဉ်းကပ်ခဲ့သော နယ်ရုပ်ကပဲ သူ့ကို တိုက်ခိုက်လိုက်ခြင်းဖြစ်၏ ။ ရဲတိုက်ကြီးနှင့်အတူ သူတို့ဘက်သားအားလုံးလိုလို မှင်တက်မိသွားသည် ။ ညာဖက်မှ မြင်းရုပ်ကလေးက သူ့သူငယ်ချင်း လဲကျရာအနီးသို့ လွှားကနဲ ခုန်အုပ်ရောက်ရှိလာသည် ။ ရန်သူ့အရုပ်များကို အစွမ်းကုန် လှိမ့်ဆင်းတိုက်ခိုက်ပစ်လိုက်ပြီး သူငယ်ချင်းဖြစ်သူ၏အလောင်းကို ပွေ့ယူလိုက်၏ ။

ထိုအခိုက်မှာပင် ရန်သူ့အရုပ်များက သူတို့ကို အထက်စီးမှ အုပ်ချုပ်နိုင်သွားပေပြီ ။ သူတို့ဖက်မှ နှစ်ရုပ်သုံးရုပ် ထပ်ကျသွား၏ ။

" ဆုတ်ကြ "

ရဲတိုက်ကြီးက အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်ရင်း အလောင်းပိုက်ထားသော မြင်းရုပ်ကလေးကို နာကြည်းစွာ ပြုံးပြလိုက်၏ ။

ထို့နောက် ....

" ငါတို့ ... ရှုံးပြီ .... "

အမောက်ထောင် ထိုးတက်လိုက်ပြီးမှ ၀ုန်းခနဲ ခါးကျိုးကျသော ပင်လယ်လှိုင်းလုံးတစ်ခုပမာ အရှူံးသည် လွင့်စင်ကြေကွဲစွာ ရောက်လာ၏ ။ သေရတော့မည်ဖြစ်သော သူတို့အားလုံးက သူရဲကောင်းတေးသွားတစ်ပိုဒ်ကို သံပြိုင်အော်ဟစ် သီဆိုလိုက်ကြသည် ။ ရဲတိုက်ကြီးကလည်း သီချင်းသံတွင် လိုက်ပါသီဆိုရင်း မျက်ရည်လည်လာမိသည် ။

" မြင်းရုပ်ကလေးရေ... မင်းက နယ်ရုပ်ကလေးတွေကို အထင်သေးခဲ့တယ် ။ အဲဒါ .. အမှားပေါ့ကွယ် .. ။ ငါတို့ဟာ စစ်တုရင်ရုပ်တွေကွယ့် ။ စစ်တုရင်ကစားတဲ့နေရာမှာ နယ်ရုပ်ဟာ "စွမ်းရည်" အနိမ့်ဆုံးအရုပ်ဖြစ်တာ မှန်ပါရဲ့။ ဒါပေမယ့် .. ကွယ် ... "

ရဲတိုက်ကြီးကို ရန်သူတွေက ၀ိုင်းလိုက်ကြ၏ ။ ရဲတိုက်ကြီးက သူတို့ကို ဂရုမပြုတော့ ။ ရီဝေသော မျက်လုံးများဖြင့် အဝေးကို ငေးနေမိသည် ။

" မြင်းရုပ်ကလေးရေ ... စစ်တုရင်ထိုးတဲ့နေရာမှာ တစ်ဖက်အရုပ်ရဲ့ "စွမ်းရည်" ကိုချည်း ကြည့်လို့မရဘူးကွယ့် ။ သူနင်းထားတဲ့ အကွက်ကိုလည်း ကြည့်ရတယ် ... ။ သူ .. နင်းထားတဲ့ ... အကွက်ကိုလည်း ကြည့်ရတယ် ... ။ ခုတော့ ..... "

စိန်ခေါ်ပွဲက ရှုံးခဲ့ချေပြီ။

(တာရာမင်းဝေ)

ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု စာအုပ် စာနှာ ၁၅၄-၁၆၄ မှ တဆင့်ကူးယူ ရေးသားပြန်လည်မျှဝေပါသည် #မော
image

0 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: