4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လုပ်ပွဲ

image

လုပ်ပွဲ

ပေယျလကန်မှာ မနက်စောစော မိအေးကြည်ရွာထဲထွက်ရင် သတင်းထူးပြီ။ အေးကြည်တို့ ခေါင်းတမော့မော့ ဖြစ်နေရင် သတင်းထူးကြားရတော့မယ်။

“အေးကြည်မရေ … အိမ်ထဲဝင်ဦးလေ”

“အားသေးဘူးတော့”

“မိအေးကြည် အဖန်ရည်လေးများ ဝင်သောက်ဦး”

“ဗေဒါတို့အိမ်ကို သွားမလို့ … လိုက်ချင်ရင် လိုက်ခဲ့”

ရွာထဲမှာ မိအေးကြည် ခေါင်းမော့ပြီး ရင်ချီကာ လိမ်ဖည်ဖည်လျှောက်လာရင် သတင်းထူးပါပြီ။ ဒီနေ့မှ ဒီကောင်မ အကြောတင်းနေတာ သတင်းကောင်းပါကိုပါမယ်။ ဗေဒါတို့ဆိုင်မှာ လူစုံတော့

“ဟေ့ကောင်မတွေ သိပြီးပြီလား”

အားလုံးရဲ့ အာရုံကို ဖမ်းချုပ်ပြီးပြီ ဆိုမှ မိအေးကြည်က

“ပြောချင်ဘူးအေ … ကြားလို့မှမတော်”

“ဟဲ့ ကောင်မ … ပြောမှာပြောစမ်းပါ သိချင်လွန်းလို့ သေးတောင်ထွက်ကျတော့မယ်”

“သူကြီး ခယ်မ ကိုယ်ဝန်တော်ခနေပြီလေ”

“ဟယ်တော်”

“ဟာ”

သူကြီး ခယ်မ လင်မှမရှိတာ။ ဘယ်ကနေ ကိုယ်ဝန်ကရှိရတာလဲ

“ငါ ခန့်မှန်းလိုက်မယ် အေးကြည်မ … မဟုတ်မှလွဲရော … သူကြီး”

“အလိုကွယ် တစ်နဲ့ တစ်ပေါင်းရင် နှစ်ရတယ်ဆိုတာ ကလေးတောင်သိတာ အဆန်းလုပ်လို့”

“ကျုပ်ကို မနက်က စောစောအိမ်လာခေါ်ပြီးတော့ ကိုယ်ဝန်စမ်းခိုင်းတာလေ။ ကိုယ်ဝန်ရှိနေပြီဆိုတော့ ပွက်လော ညံကုန်တာပေါ့။ ကျုပ်ကိုတောင် သူကြီးက ညည်းလျှောက်ပြောလို့ကတော့ အသေပဲတဲ့။ ကျုပ်ကလည်း သေခါမှသေ၊ သိလိုက်ရကတည်းက ပါးစပ်ကို ယားနေတော့တာ”

မိအေးကြည်က အရပ်လက်သည်လေ။ ဒါကြောင့် သတင်းစုံ။ ပေယျာလကန်ရဲ့ သတင်းစာပေါ့။

“ဟဲ့ … သူကြီးနဲ့ မဟုတ်လား”

“သူကြီးနဲ့ကလွဲပြီး ဘယ်သူနဲ့ဖြစ်ရမှာလဲ။ သူကြီးဆိုတာက ခယ်မကို အိမ်ပေါ်တင်ထားပြီးကတည်းက ဘီလူးမယ့်ကြောင့် စောင့်တော့တယ်ဖြစ်နေတာ။ အိမ်က သူရင်းငှား ရွှေဘော်ကိုတောင် ထုတ်ပစ်လိုက်တာ ကြည့်။ နောက်ဆုံးတော့လည်းအေ … ဟေ … ဟေ”

ဒီလိုနဲ့ သူကြီးခယ်မ ကိုယ်ဝန်ရတဲ့သတင်း ပေယျာလကန်မှာ တီးတိုးတီးတိုးကနေ ကျယ်လောင်လာ။ သူကြီးကတော်က

“ကျွန်မ ရှက်တယ် … ကျွန်မ ရှက်တယ် … ဒီအတိုင်းတော့ မနေဘူး။ သတ်သေပစ်မယ်”

“မင်းကလည်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ … ဒီကိစ္စ ငါရှင်းပါမယ်”

“ဒူ … ဒူ … ဒူ”

သူကြီးအိမ်က မောင်းသံကြားရင် ရွာသားတွေလာကြရတယ်။ အိမ်ဝိုင်းထဲမှာ လူတွေစုံတော့ သူကြီးက အိမ်ပေါ်က အခန့်သားဆင်းလာတယ်။ တပည့်တစ်ယောက်က နှစ်လုံးပြူးကိုထမ်းလို့ပေါ့။ တစ်ရွာလုံးကို နှစ်လုံးပြူးပြပြီး အုပ်ချုပ်ရတာဆိုတော့ ဒါကလည်း အဆောင်တစ်မျိုးပေါ့။

“အဟမ်း”

သူကြီးရဲ့ အောင်မြင်တဲ့ ချောင်းဟန့်သံကြီးကို ပေါ်လာပြီး

“ဒီမှာ ကျုပ်ရှင်းရှင်းပဲပြောမယ် … မင်းတို့ရွာသားတွေ တီးတိုးတီးတိုး အတင်းမပြောကြနဲ့ … ငါ့ခယ်မ ရွှေမိမှာ ကိုယ်ဝန်ရှိနေပြီ”

“ဟာ”

လူတွေက အမှန်တော့ အံ့သြချင်ယောင်ဆောင်ပြတာ။ အားလုံးက သိပြီးသား။

“ရှင်းရှင်းပြောမယ် … အဲဒီကိုယ်ဝန် ဘယ်သူနဲ့ ရတယ်ဆိုတာ”

လူတွေရဲ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ရောက်နေပြီ။ အပ်ကျသံတောင် မကြားရလောက်အောင်ပဲ။ သူတို့ ထင်နေကြတာက သူကြီးလူလည် တစ်ယောက်ယောက်ကို အဖေဖော်တော့မယ်ပေါ့။ တာတီးလား။ ကြက်သိုးလား။ ခြောက်စောင်းလား။ ရွှေဘော်လား။

“အဟမ်း”

သူကြီးက ဒုတိယအကြိမ်မြောက် ဟမ်းလိုက်ပြီးတော့

“အဲဒါ … ငါနဲ့ ရတဲ့ ကိုယ်ဝန်ပဲ”

“ဟာ”

သူကြီးက ဒီလိုကြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မယ်မထင်ဘူးပေါ့။ အိမ်ပေါ်က သူကြီးကတော် ပြေးဆင်းလာ တယ်။

“အလိုတော် ဖွတ်ထွက်မှ တောင်ပို့မှန်းသိတော့တယ်။ ဟဲ့ ကောင်မ ဆင်းလာခဲ့စမ်း … နင့်ကို လူရှေ့မှာ မသတ်ရရင် ငါမကျေနပ်ဘူး။ ကုပ်ကမြင်းမ”

“ဟေ့ … တော်”

သူကြီးရဲ့ အောင်မြင်တဲ့ အသံကြီးကပေါ်လာပြီး

“အားလုံး နားလည်ထားကြစမ်း … တကယ်တော့ ငါ့အနေနဲ့ ကိုယ်ဝန်ရှိစေလိုတဲ့ စိတ်နဲ့ သူ့ကို လုပ်ခဲ့တာ မဟုတ်ဘူး”

image

“ဟာ”

“ပုထုဇဉ်ပဲလကွာ … အတွေ့တော့ ဘယ်ရှောင်နိုင်ပါ့မလဲ။ ဒါကြောင့် မှားတော့ မှားတာပေါ့။ ကိုယ်ဝန်ရှိစေချင်တဲ့ စိတ်တော့ ငါ့မှာ မရှိပါဘူး”

“ဘာပြောပြော ခုတော့ မဖုံးနိုင် မဖိနိုင်ဖြစ်နေပြီလေ”

“ဒီမယ် ရှင်မ သိထားဖို့က ခုတော့ ရှင်းရှင်းကြီး ပေါ်နေပြီလေ”

“ဘာလဲ … ရှင်ဘာဆင်ခြေ ပေးဦးမလို့လဲ”

“မင်းမှာ ကိုယ်ဝန်မရနိုင်လောက်အောင် ကြန့်ကြာနေတာ ငါ့ကြောင့်မဟုတ်ဘူးဆိုတာတော့ ရှင်းသွားတာပေါ့”

ဒီနေ့သူကြီးစကားနှစ်ခွန်းက မှတ်သားလောက်ပါရဲ့

ခယ်မကို ကိုယ်ဝန်ရှိအောင်လုပ်ပြီးတော့ ကိုယ်ဝန်ရှိစေလိုတဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူးတဲ့

ဘာပြောပြော သူသက်သေပြလိုက်တာက

သူကြီးကတော်မှာ ကိုယ်ဝန်ကြန့်ကြာနေတာ သူ့ကြောင့် မဟုတ်ဘူးဆိုတာ လက်တွေ့ပြနိုင်လို့ သူဝမ်းသာနေသတဲ့

ပေယျာလကန်ရဲ့ သတင်းစာရှင်းပွဲကြီးကတော့ ပြီးသွားပြီ

သူကြီးက မယားနှစ်ယောက်ကို ဗြောင်ကြေညာယူတဲ့ပွဲပဲ

တင်ညွန့်

photo : facebook
image

6 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: