4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အတိတ်ကအရိပ်

111211060825-iraq-brodie-01-horizontal-large-gallery.jpg
ကျွန်မအမည်က မက်ဒီဆန်၊ အသက်က ၃၃၊ အိမ်ထောင်မရှိ၊ ကလေးလည်းမရှိ။ ကျွန်မမှာ မုဆိုးမ မေမေ တစ်ယောက်ပဲရှိသည်။ ဖေဖေက အီရတ်စစ်မြေပြင်တွင် ကျွန်မအသက် ၁၃ နှစ်သမီးလောက်ကတည်းက ကျဆုံးသွားပြီဟု သိရသည်။ ကျွန်မတွင် ဖေဖေ့အကြောင်းမေးလျှင် “သေပြီ” ဟု ရင်နာစွာပြောရုံသာရှိသည်။

ကျွန်မ အလုပ်လုပ်နေသည်က အငြိမ်းစားတပ်မတော်သားများကို ပြုစုစောင့်ရှောက်ပေးရသည့် ဌာနတွင် ဖြစ်သည်။ တစ်နေ့တွင် ဂေဟာကို စစ်ပြန်ကြီးတစ်ယောက် ရောက်လာသည်။ သူက မိသားစုလည်းမရှိ၊ အယ်လ်ဇိုင်းမားဝေဒနာကိုပါ ခံစားနေရသူဖြစ်သည်။ အတိတ်မေ့သလိုဖြစ်နေသာ သူ့ကို မိသားစုအကြောင်း လည်း ဘာမှ မေး၍မရ။ သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးနေသည်။

ကျွန်မက သူ့အခန်းတံခါးကို ခေါက်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

“ကျွန်မ ဝင်လာရမလား”

သူက “ဝင်လာလေ” ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။

ကျွန်မက သူ့ကို ပြုံးပြီးနှုတ်ဆက်လိုက်သည်။ သူက ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး ပြုံးရွှင်စွာဖြင့်

“မက်ဒီဆန် … မက်ဒီဆန် … မင်းကို ဇာတ်လမ်းလေးတစ်ခုလောက် ပြောပြချင်လို့ … ရှေ့တန်းမှာ တာဝန် ထမ်းဆောင်စဉ်က အမှတ်ရတာလေးတစ်ခုပါ”

သူက ထူးဆန်းစွာ အမှတ်ရနေသည်ဆိုသဖြင့် ကျွန်မကလည်း သူ့ကုတင်အစွန်းလေးတွင်ထိုင်ပြီး သူပြော မည်ကို နားစွင့်နေလိုက်သည်။

“အိုကေ … ပြောလေ … ကျွန်မက ပုံပြင်တွေ ဇာတ်လမ်းတွေ နားထောင်ရတာ ငယ်ငယ်လေးကတည်းက သိပ်ပြီး ဝါသနာပါတာ”

“ငါ့အသက် ၃၈ နှစ်လောက်က စစ်ထဲဝင်တယ်။ ဇနီးနဲ့ သမီးလေးကို ထားခဲ့ပြီး ရှေ့တန်းထွက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာရမှာ ကြောက်ပေမယ့် သူတို့ကို တစ်နေ့ ပြန်ကိုလာမယ်လို့ ကတိပေးခဲ့တယ်။ အီရတ်စစ်မြေပြင်ကို ရောက်တော့ ဗုံးရှင်းလင်းရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဗုံးနဲ့ သတ်သေသူတွေကို ကယ်ဆယ်ရေးတွေ လုပ်ပေးရ တယ်။ မှတ်မိသေးတယ်။ အသက် ၆ နှစ် ၇ နှစ်လောက်ပဲရှိဦးမယ့် ကောင်မလေးတစ်ယောက်ကိုယ်မှာ ဝတ် ထားတဲ့ အသေခံဗုံးကို ရှင်းလင်းပေးရင်းက ဗုံးပေါက်ပြီး ကောင်မလေးလည်း သေသွားတယ်။ ငါလည်း ဘာမှ မမှတ်မိလောက်အောင် မှတ်ဉာဏ်တွေ ချွတ်ယွင်းသွားခဲ့ရတယ်”

သူက ခေတ္တနားလိုက်ပြီးနောက် ဆက်ကာ

“ငါ … ငါ့မိသားစုတွေ ဘယ်သူတွေဆိုတာပါ မေ့သွားတယ်။ ငါအသက်တော့ ရှင်တယ်။ အတိတ်ကို မေ့သွား တယ်။ တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် သူတို့ ဘယ်သူတွေဆိုတာ မမှတ်မိတာကြောင့် နှစ်ပေါင်းများစွာ အဖြေရှာနေမိတယ်။ ငါ့ဘဝက ဒုက္ခိတကြီးဖြစ်နေတာကြောင့် ငါဘယ်သူဆိုတာလည်း မသိချင်တော့ဘူး။ ငါ့ မိသားစုကိုလည်း ဒုက္ခမပေးချင်တော့ဘူး။ ဒါကြောင့် တစ်ယောက်တည်း ဟိုရောက် သည်ရောက် နေထိုင်ရာက ခုနောက်ဆုံးတော့ ဒီဂေဟာကို ရောက်လာတော့တာပဲ”

ကျွန်မက သူ့ကို ငေးကြည့်နေမိသည်။ သူက မျက်ရည်တွေ ဝိုင်းနေသည်။ ကျွန်မက သူ့ကို မျက်ရည်တွေ သုတ်ပေးလိုက်သည်။

“ဒီနေရာရောက်တော့ ငါ အတိတ်ကို ပြန်ပြီး သတိရလိုက်တယ်။ အတိတ်က မျက်နှာလေးတစ်ခုကို ထင်ထင် ရှားရှား ပြန်ပြီး မြင်လိုက်ရတယ်။ သူ့မျက်နှာလေးကို ပြန်ပြီးမြင်ယောင်ရင်းက အားလုံး ပြန်ပြီး မှတ်မိလိုက်တယ်။ ဒီမှာ မက်ဒီဆန် … ဒီစာအိပ်လေး မင်းကို လက်ဆောင်ပေးပါရစေ … ယူသွားပါလား။ စာအိပ်ထဲမှာ ငါ့ရဲ့ အတိတ်တွေရှိတယ်။ သူ့ကို မင်းရှာပေးပါလား။ ရှာတွေ့ရင် … ငါဒီမှာ ရှိနေတယ်ဆိုတာ ပြောပြပေးပါလား”

ကျွန်မက သူကမ်းပေးသည့် စာအိတ်ကို ယူပြီး ပြန်လာသည်။ အခန်းထဲရောက်မှ စာအိတ်ကို ဖွင့်ကြည့်လိုက် မိသည်။ ဓာတ်ပုံတစ်ပုံ။ ထိုဓာတ်ပုံထဲက အမျိုးသမီးက ကျွန်မနှင့် ချွတ်စွပ်။ ဓာတ်ပုံနောက်တွင် ရေးထားသည့် စာက တိုတိုလေး

“အချစ်များစွာဖြင့် - ဖေဖေ”

စာအိတ်ထဲတွင် စစ်သားများအတွက် လည်ဆွဲနံပါတ်ပြားလေးတစ်ခုပါလာသည်။ ထိုနံပါတ်ပြားပေါ်တွင် ရေးထားသည့် အမည်က ဂျရမီ ဝှစ်နေးဖြစ်သည်။ ထိုနာမည်ကို ကျွန်မကောင်းကောင်းသိသည်။ အလို

ကျွန်မက နားနေခန်းထဲမှ ဂျရမီအခန်းထဲကို အပြေးလေးသွားမိသည်။ သူ့အခန်းတံခါးကို မခေါက်မိ။ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ပြီး အတွင်းကို အပြေးလေး ဝင်သွားမိသည်။

ကုတင်ပေါ်တွင် ဂျရမီက ငြိမ်သက်နေသည်။

ယခုတော့ သူသည် ကျွန်မနှင့် မေမေ့ကို အမှန်တကယ် စွန့်ခွာသွားခဲ့ပြီ။

2 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: