4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Life

အသက်လေးရယ်တဲ့ရှည်စေလို

အသက်လေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို.... တဲ့။ ငယ်ငယ်ကကြားခဲ့ဖူးတယ်။
image

မန်းလေးတောင်တခိုဟာ ရှေးအခါက တောကြီးတစ်ခုလို စိမ်းစိုခဲ့ဟန်တူပါရဲ့။ဟိုခေတ်ကတော့ တောင်ပေါ်ဆုတောင်းပြည့်ကိုယ်တော်ကြီးကို ဖူးမြှော်ဖို့ဆိုရင်လည်း ခုခေတ်လို စက်လှေခါးတွေ၊ ဓါတ်လှေကားတွေမရှိသေးလေတော့ ရသေ့ကြီးကောင်းမှု တန်ဆောင်းရှည်ကြီးအတိုင်း ခြေလျှင်တက်ကြရတယ်။ မောလိုက်နားလိုက်နဲ့ မြွေကြီးနှစ်ကောင်အထိ။ ငယ်ငယ်တုန်းက မန်းလေးရောက်ရင် ဒီလိုပဲတက်ခဲ့ဖူးတယ်။ သစ်ရိပ်ဝါးရိပ်ကြောင့် ပင်ပန်းလှတယ်မထင်ရ။

ဟိုခေတ် အစားအသောက်တွေကလည်း ခုခေတ်လို ရယ်ဒီမိတ်(ready made)တွေ မဟုတ်သေး။ ဘုရားဖူးပြီးအပြန် လမ်းဘေးက အထမ်းသည်ရဲ့ မုန့်ဟင်းခါးသောက်တဲ့အခါသောက်၊ မုန့်တီစားတဲ့အခါစား။ လမ်းဘေးအစာပေမဲ့ သန့်သန့်ရှင်းရှင်း။ ဓါတုပစ္စည်း အသုံးပြုမှု နည်းသေးတဲ့ခေတ်မို့ အော်ဂဲနစ်(organic )တွေပဲ ဝယ်ချက်ထားတော့ စားကောင်းလှတယ်။ အချိုမှုန့်တောင် တွင်တွင်ကျယ်ကျယ် မသုံးတတ်ကြသေးဘူး။ အညာမုန့်ဟင်းခါးဟာ သဘာဝပဲရဲ့အချိုဓါတ်နဲ့ အရသာအပြည့်။ အိမ်မှာဆိုလည်း သဘာဝအသီးအရွက်၊ အသားငါးတွေပဲ ချက်ပြုတ်စားကြတာများတာမို့ လူတွေလည်း အသက်ရှည်ကြပေါ့။
image

အဲဒီခေတ်ကလူတွေကို သိမှီလိုက်ဖူးတော့ လူကြီးစကား သက်ငယ်ကြားဖြစ်ခဲ့ရတာလေးတွေလည်း မှတ်မိသေးတယ်။ " မြေးတို့ခေတ်က ဆုတ်ခေတ်ကွ၊ ငယ်ငယ်နဲ့သေကြတာ၊ ရောဂါပေါင်းစုံပဲ။ တို့ခေတ်ကဆို ကူးစက်ရောဂါပဲ ကြားဖူးတာ။ ကိုယ့်အချင်းချင်းသတ်လို့မသေရင် သက်တန်းစေ့ နေကြရတယ်။ " လို့ အမေကြီးက ပြောပြဖူးတယ်။ အမေကြီးတို့အရွယ်တွေ အများအပြားဟာ ရှစ်ဆယ်ကျော် ကိုးဆယ်အရွယ်အထိ နေကြရသူများတာလည်းမှတ်မိရဲ့။

အခုခေတ်တော့ ဆေးပညာတိုးတက်ပြီမို့ ကူးစက်ရောဂါဘေးက ဝေးခဲ့ပြီ။ ဒါပေမဲ့ ကူးစက်ရောဂါထက်ဆိုးတဲ့ နာတာရှည်ရောဂါ(chronic diseases) တွေနဲ့ ပတ်လည်ရိုက်ပြီး သေမင်းဆီကို အချိန်မတိုင်ခင် သွားကြရသူတွေမနည်းလှ။ သက်ရှိအုပ်စုဝင်သတ္တဝါတွေဟာ သဘာဝအတိုင်း အလေးချိန်ထိန်းညှိထားနိုင်ပေမဲ့ အခုခေတ် လူသားအုပ်စုကတော့ လေးဆယ်ကျော်လို့ ငါးဆယ်ရောက်ပြီဆိုရင်တော့ ဝိတ်တွေတက်၊ လူတဝက်လောက်ကနာတာရှည်ဝေဒနာတွေ တန်းစီနေကြပြီ။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် နည်းနည်းစီနှိတ်စက်လို့ ဆေးတွေသောက်နေကြရပြီ။
image

အထူးသဖြင့် မောင်လူပေတို့အရွယ်သူငယ်ချင်းတွေပေါ့။ မောင်လူပေကိုယ်တိုင်လည်း အိုဗာဝိတ်(over weight)။ ဘယ်လိုပင် ဒိုင်ယက်(diet) ပေမဲ့ ခဏပဲ။ မကြာမှီ အရင်အတိုင်း ပြန်ဖြစ်။ လေရှူတောင် ဝ,တဲ့အမျိုးမို့ မြင်နေလျှက်နဲ့၊ စားချင်လျှက်နဲ့၊ စားလည်းစားနိုင်လျှက်နဲ့ မစားရတဲ့ ပြိတ္တာဘဝကို အရှင်လတ်လတ်ရောက်လို့ရောက်။မနက်ဆို သွေးတိုးကျဆေးသောက်ဖို့မေ့ရင် ခေါင်းက မူးဝေဝေ။ ငယ်ငယ်က သောက်လို့မူးတာ။ ခုတော့ အရက်မသောက်လည်းမူး။ဒီကြားထဲ ကိုလက်စထရော( cholesterol) ကလည်း နည်းနည်းများလို့ အစားအသောက် ဂရုစိုက်ရမယ်တဲ့။ ဂရုစိုက်ရမဲ့ အရာတွေကလည်း ကိုယ့်အကြိုက်တွေချည်းပဲ။

ဆရာဝန်တွေပြောတဲ့ နြူထရေးရှင်း(Nutrition)တွေပြည့်အောင်လည်းစားပါရဲ့။ ဗီတာမင်(vitamin)တွေစုံအောင်လည်း ဖြည့်စွက်(supplement)ဆိုပြီး စားပါရဲ့။ တစ်ရက်ကို အနည်းဆုံး မိနစ်သုံးဆယ်လေးကျင့်ခန်းလုပ်ရမယ်ဆိုလို့ ခြေလှမ်းတစ်သောင်းပြည့်အောင် လမ်းတွေလည်းလျှောက်ပါရဲ့။ ဒီလိုနဲ့ပဲ ဆေးသောက်ရင်း၊ လမ်းလျှောက်ရင်း ထိန်းလို့လာခဲ့တာ ဆယ်နှစ်လောက်တောင်ရှိပါပေါ့လား။ ဒါတောင် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ( medical insurance) ရှိပေလို့။

ဒီလိုဆေးတွေနဲ့ထိမ်းတော့လည်း အဆိုးထဲကမထွက်နိုင်သေး။ ဆေးကြောင့်ဖြစ်မဲ့ ဘေးထွက်ဆိုးကျိုး ကျောက်ကပ်ပျက်စေနိုင်မဲ့အရေးကမသေးလှ။ နှစ်စဉ် ဆီးစစ်၊ သွေးစစ်တိုင်း ရင်တမမ။ ဟိုဟာလေးက နည်းနည်းများတယ်တို့၊ ဒီဟာလေးက နည်းနည်းများတယ်တို့ ဆရာဝန်ဆီကကြားရတာကြာလာတော့ နားယဉ်လာတဲ့အထိ။

မြန်မာပြည်ကြီးခဏပြန်ချိန်မှာ သူငယ်ချင်းတွေအများကြီးနဲ့ တွေ့ခဲ့ရတယ်။ တချို့လည်း မရှိကြတော့။ သူတို့တွေထဲမှာ အများစုက အဆင်ပြေကြသူတွေမို့ ချမ်းသာစွာနေထိုင်နေကြရသူတွေ။ ဝလို့ဖြိုးလို့၊ စိုစိုပြေပြေကြီးတွေ။ တချို့ဆို ကိုယ့်ထက် ဝ,နေကြသေး။ အန်ကယ်၊အန်တီ ခန့်ခန့်ကြီးတွေ။ ပညာတတ်သူတွေမို့ ကျန်းမာရေးဗဟုသုတအပြည့်ရှိသူတွေချည်း။ ခေါင်းလေးကိုက်ရင်တောင် ဘန်ကောက်မှာသွားပြကြတဲ့ အတန်းအစားမျိုး မဟုတ်သေးသည့်တိုင် လူချမ်းသာစာရင်းဝင်တွေပါ။

သူတို့မှာ ငွေကြေးပြည့်စုံကြပေမဲ့ အားလုံးပြည့်စုံကြသည်တော့မဟုတ်။ အစားအသောက်ကိစ္စတွေ ငြီးကြတယ်။ အသားအသောက်တွေ မသန့်ရှင်းတဲ့ကိစ္စက ထိပ်ဆုံး။ ဆီမသန့်၊ အသီးအရွက်တွေမသန့်။ ပိုးသတ်ဆေးတွေအလွန်အကြွံသုံး၊ ဓါတ်မြေသြဇာတွေ အရမ်းထည့်၊ အပင်သန်ဆေးဆိုတဲ့ ဓါတုကွန်ပေါင်းတွေ၊ အမှည့်မြန်ဆေး၊ အရောင်ဆိုးဆေး၊ ကြာရှည်ခံဆေး၊ ဓါတုဗေဒပစ္စည်းတွေ ကြီးစိုးထားတဲ့ခေတ် ရောက်နေပြီတဲ့။ မစားသင့်တဲ့ ဓါတုပစ္စည်းတွေစားတာကြာတော့ ကင်ဆာအဖြစ်ဆုံးနိုင်ငံစာရင်းမှာ ထိပ်ကမဆင်းတော့ဘူးတဲ့။ ဒီလိုနဲ့ သူတို့တွေလည်း အော်ဂဲနစ်ဖက် လှည့်ကြတယ်။ ဝိသမလောဘစီးပွားရေးသမားတွေကို ထိထိရောက်ရောက်အရေးယူနိုင်မှုမရှိသ၍ ပြေလည်ဖို့မလွယ်လှ။ ပြည်သူတွေကို အစားအသောက်အတွက် ပညာပေးအစီအစဉ်တွေလုပ်ပေးရင် အသိပညာတိုးတက်အောင်မနည်းစည်းရုံးနေရတဲ့အခြေ။

မောင်လူပေတို့ဆီမှာလည်း ဗဟုသုတရှိသူတွေက အော်ဂဲနစ်နေတာကြာပါပြီ။ အော်ဂဲနစ်အသီးအရွက်၊ အသားငါးတွေအပြင်၊ အော်ဂဲနစ်ခေါင်းအုံးတို့ အော်ဂဲနစ်မွေ့ရာတို့လို အသုံးအဆောင်တွေပါ အော်ဂဲနစ်နေကြလေတယ်။ သို့ပါသော်လည်း အော်ဂဲနစ်က အော်ဂဲမနစ်တာနဲ့ယှဉ်ရင် နှစ်ဆ၊သုံးဆဈေးပိုတာကြောင့် ဝင်ငွေနည်းသူတွေအတွက် အဆင်မပြေသေး။

ဒါ့အပြင် non GMO ပစ္စည်းတွေလည်း အရောင်းသွက်တယ်။ GMO( Genetically Modified Organism) အစားအသောက်တွေထဲမှာ ပဲပုတ်ပဲ(Soybeans)၊ ပြောင်းဖူး(corn)၊ ကနိုလာ(canola)၊ နေကြာ(sunflower) တွေက ထိပ်ဆုံး။ ဒီဟာတွေနဲ့ဆီထုတ်ကြတာ။ GMO တွေ ဘေးကင်းပါတယ်ဆိုပေမဲ့ ကြောက်တဲ့သူက ကြောက်ကြဆဲ။ သဘာဝထက် ဈေးးချိုသလို အထွက်များတော့ တောင်သူတွေကလည်း ဒါတွေကို လက်မလွတ်နိုင်ကြသေး။

မောင်လူပေက ဆီကြော်တွေကြိုက်တယ်။ ဆရာဝန်က ဆီကြော်ရှောင်ပါတဲ့။ ဆီကြော်တွေရှောင်ဖို့ လေကြော်စက်( air fryer) ဝယ်ဖြစ်တယ်။ ကိုယ်ကြော်ချင်တဲ့ပစ္စည်းကို ဆီသုတ်၊ အရသာထည့်ပြီး အိုးထဲထည့်၊ လေပူနဲ့ မွှေ့၊ ကျက်တဲ့အခါစားပေါ့။ ဆီထဲထည့်ကျော်သလို အရသာမကောင်းလှ။ ဆီနဲ့သုတ်ပြီး အိုဗင်(oven) ထဲထည့်ဖုတ်သလိုအရသာ။ အကြော်စားတာလျှော့လို့ အဖုတ်စားတဲ့ခေတ်ပေါ့။ အာလူးကြော်(fried potato)ထက် အာလူးဖုတ်( (baked potato)ရောင်းကောင်းတဲ့ခေတ်။ ကမ္ဘာဦးလူသားတွေ မီးကိုစတင်တွေ့ရှိတဲ့ခေတ်ကို နာရီတွေနောက်ပြန်လှည့်ပြီး ရောက်နေသလို အဖုတ်စားတဲ့ခေတ်ကို ရောက်နေပြီ။

မြန်မာပြည်မှာ ရှေးအဆင်အဆက်က သဘာဝအတိုင်းစိုက်ပျိုးလို့ထွက်ရှိတဲ့အရာတွေဟာ အော်ဂဲနစ်တွေချည်းပါပဲ။ ဒါတွေကိုပြန်လည်ဖေါ်ထုတ်ပေးဖို့ပဲလိုပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အများစုသောတောင်သူတွေအတွက် အော်ဂဲနစ်စိုက်ခင်း( organic farm) တွေ ဖေါ်ထုတ်ပေးနိုင်ဖို့သာလိုပါမယ်။ ကျေးလက်တောရွာမကျန်၊ မြို့တွေအထိ ဒီလိုဖေါ်ဆောင်နိုင်ရင် လူတွေရဲ့ကျန်းမာရေးသာမက အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဝင်ငွေတွေပါ တိုးလာမှာအမှန်။

တချို့သော မောင်လူပေရဲ့ သူငယ်ချင်းများကတော့ အိမ်နောက်ဖေးမှာဈေးဆိုင်တည်နေကြလေရဲ့။ အော်ဂဲနစ်ဈေးဆိုင်လေးတွေ။ စားပင်လေးတွေ အစီအရီ။

အညာကို မောင်ကြီးမပြန်နိုင်သေးသူ ချင်းတွင်းဇာတိကိုရင်ချက်ရဲ့မဟေသီကတော့ သူတို့အိမ်ကြီးကို လူငှားတင်ထားဆဲမို့ အဲဒီကို မပြောင်းခင် အခုအိမ်ရှေ့မှာ ပျိုးပင်ဈေးဆိုင်တည်ထားတယ်။ အပင်လေးတွေစုံလို့။ သူမက စိုက်ပျိုးရေး ဝါသနာကြီးသူ။ ကိုရင်ချက်အလုပ်ကပြန်ရောက်ရင် မဟေသီစိုက်ထားတာလေးတွေ ရေလောင်းပေါင်းသင်ပေး။ သူတို့ကလေးကျောင်းပိတ်လို့ အိမ်ပြောင်းပြီးရင် အိမ်နောက်က မြေကွက်ကျယ်ကြီးမှာ စားပင်သီးပင်အပြည့်စိုက်မှာ။ ကိုရင်ချက် လျှာထွက်ပြီသာမှတ်။ ဒါကလည်း ကိုရင်ချက်လေ့ကျင့်ခန်းမှန်မှန်လုပ်ဖြစ်အောင်၊ နေ့တိုင်းအော်ဂဲနစ်တွေစားဖြစ်အောင် လုပ်ပေးမဲ့ မဒန်ချက်ရဲ့ စေတနာ။

စာရေးဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာကြီး ကိုရင်ရစ်တို့အိမ်မှာလည်း နောက်ဖေးဈေးဆိုင်ကြီးနဲ့ပဲ။ မဒန်ရစ်က ဆိုင်တဖက်နဲ့မို့မအားတော့ လှည့်မကြည့်နိုင်ရှာဘူး။ အလိုက်သိတဲ့ ကိုရင်ရစ်က အလုပ်ကပြန်ရောက်တာနဲ့ ဆိုင်မှာပြေးကူလိုက်၊ ခြံထဲကအပင်တွေ ရေလောင်းပေါင်းသင်လိုက်နဲ့မအားရရှာ။ ခြံကျယ်တော့ ဝါးရုံကြီးပါစိုက်ထားကြသေး။ မြှစ်စို့တွေ ခူးစားလို့ကတော့ တမိုးလုံး စားပေတော့ပဲ။သူ အားတဲ့အချိန်လေး ဝါးရုံတောမှာ အေးအေးဆေးဆေး အနားယူစာဖတ်၊ အိမ်နောက်တောင်ကုန်းက ဆင်းလာတဲ့ သမင်မိသားစုတို့၊ ကြောင်မိသားစုတို့က သူတို့ အော်ဂဲနစ်စိုက်ခင်းကို လာလာဖျက်တော့ စောင့်ကြည့်ပေးပေါ့။ ဒါလည်း မဒန်ရစ်ရဲ့ စေတနာပဲ။ လေ့ကျင့်ခန်းလုပ်ရင်း လတ်ဆတ်တဲ့ခြံထွက်လေးတွေစားရတော့ သူတို့တွေနုပျိုလို့။
image

မဒန်ပေလား။ ဘယ်နေလိမ့်မလဲ။ သူကလည်း မခေဘူး။ ယူကျူ့(YouTube) ထဲက စိုက်ပျိုးရေးဗီဒီယိုတွေကြည့်ပြီး အကုန်စိုက်တာပဲ။ ပျိုးပင်တွေကတော့ သူ့လို သစ်ပင်စိုက်ဝါသနာသရဲတွေဆီက ရတာပေါ့။ မြေကြီးတို့၊ ပန်းအိုးတို့က အိပ်စိုက်။ မောင်လူပေကတော့ နားရက်ဆို နားချင်တာ။ ဒါပေမဲ့ အိမ်ရှေ့မှာပေါင်းပင်ရှင်းလိုက်၊ အိမ်နောက်မှာပေါင်းပင်ထွင်လိုက်နဲ့ မအားရ။ အဲဒီလို တလှုပ်လှုပ်နဲ့ လုပ်နေရလို့ထင်ရဲ့။ ဝိတ်မကျပေမဲ့ နေလို့ပိုကောင်းလာသလိုပဲ။ ကျားကျားတွေကို အော်ဂဲနစ်စိုက်ခင်းထဲမှာ ခိုင်းထားတာလည်း မဒန်တွေရဲ့ စေတနာတွေ။

သူငယ်ချင်းမိတ်ဆွေတို့ရေ။ အသက်လေးရည်တဲ့ ရှည်စေလိုပါသလား။ မဒန်တွေက နောက်ဖေးမှာ စားပင်တွေစိုက်၊ ချစ်ချစ်တွေစိုက်တဲ့အပင်တွေကို ကိုရင်တို့က ရေလောင်းပေါင်းသင်မြေဆွနဲ့ ခြံထဲမှာအလုပ်များတာလည်း မန်းတောင်ရိပ်ခိုသလို ကျန်းမာစေမှာဖြစ်ပါကြောင်း စေတနာကောင်းနဲ့ နိုးဆော်ပါတယ်။ ငါတို့တွေနားနေကြရတဲ့အချိန်မှာ သူ့ဟာသူအလုပ်များနေတာကို အေးအေးမနေပဲ မနာလိုလို့ ဂျင်းထည့်နေတယ်မှတ်ရင်တော့ ဆောရီးပါဗျာ။

အော်ဂဲနစ်စိုက်ခင်းတွေနဲ့ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ကြပါစို့။

ချစ်တဲ့

မောင်လူပေ

6 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: