4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ထိန်းသိမ်းစေချင်

image
Steemit members အားလုံး မင်္ဂလာပါရှင်။
ကမ္ဘာမှာ မြန်မာဟာ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါလို့ သီချင်းဖွဲ့ဆိုရလောက်အောင် တကယ်လည်း ယဉ်ကျေးကြသူများ ဖြစ်တယ်။ အများက လက်ခံရလောက်အောင် အပြောအဆို အပြုအမူ အနေအထိုင် အာလုံးဟာ သူများနဲ့မတူအောင်ကို တကယ်ကို ယဉ်ကျေးလွန်းလှပါတယ်။ အဲလို ယဉ်ကျေးအောင်လည်း ရှေးအစဉ်အဆက် မိရိုးဖလာ လက်ဆင့်ကမ်းနိုင်အောင် ကလေးအရွယ်လေးမှ စလို့ မိဘ လူကြီးများက ဘုရား ကန်တော့တာမှ စလို့ အပြောအဆို အပြုအမူ အနေအထိုင်များကို ဆိုဆုံးမကာ လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့ကြတာမို့ ကမ္ဘာမှာ မြန်မာဟာ အယဉ်အကျေးဆုံး နိုင်ငံတစ်ခုဖြစ် အများက အသိအမှတ်ပြု လက်ခံရတဲ့ နိုင်ငံ ဖြစ်နေတာပါပဲ။

image

ကမ္ဘာမှာ မြန်မာဟေ့လို့ ဝင့်ကြွားနိုင်တဲ့ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို မပြောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာလည်း မြန်မာလူမျိုးတိုင်းမှာ တာဝန် ရှိပါတယ်။ ဒီအစဉ်အလာတွေ ယဉ်ကျေးမှုတွေ အပြောအဆို အနေအထိုင်တွေ တစ်ဦးချင်းစီက လိုက်နာခဲ့လို့လည်း ဝင့်ကြွားနိုင်တာပါ။ တစ်ဦးချင်းစီကသာ မလိုက်နာနိုင်ဘူး ဆိုရင် မြန်မာ့ ယဉ်ကျေးမှုများဟာ ယနေ့ချိန်ထိ တည်တံ့နေမှာ မဟုတ်သလို ဝင့်ကြွားနိုင်မှာလည်း မဟုတ်ပါ။

image

ခေတ်စနစ်တွေ ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ လူများရဲ့ အပြောအဆို အနေအထိုင်တွေဟာလည်း တစ်ဖြေးဖြေး ပြောင်းလဲကြတာ အမှန်ပါ။ ဘယ်လိုပင် ပြောင်းလဲပါစေ ယဉ်ကျေးမှုကိုတော့ မပြောင်းလဲစေချင်ပါ။ ပြောင်းလဲလာတဲ့ခေတ်မှာ လူများဟာ လှုပ်ရှားရုန်းကန်မှုတွေနဲ့ မအားမလပ် ဖြစ်လာကြတဲ့အခါ ဆိုဆုံးမမှုများ နည်းပါးလာသလို အတုမြင် အတက်သင်တွေက များပြားလာတာမို့ ယဉ်ကျေးမှုကို ဆန့်ကျင်လာသူများလည်း ရှိလာကြတာ အမှန်။ ဥပမာ မြန်မာမိန်းကလေး ကိုယ့်ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေ ဝတ်စားလာကြတာ မြန်မာဆိုတဲ့ ဂုဏ်ကို ပျောက်အောင် ယဉ်ကျေးမှုများ တစ်ဖြေးဖြေး ပျောက်ကွယ်သွားအောင် လုပ်မိနေသလို ဖြစ်နေတယ်ဆိုတာ မသိကြတာ ဝမ်းနည်းစရာပါ။ မြန်မာဆိုတာ သိက္ခာရှိသလို အရှက်တရားကို အသက်နဲ့လဲ ကာကွယ်သူများလို့ အများက လက်ခံရလောက်အောင် ပြုမူ ပြောဆို နေထိုင်သူတွေပါ။ အထူးသဖြင့် မြန်မာမိန်းကလေးများရဲ့ အရှက်သိက္ခာတရား မိန်းကလေးတိုင်းရဲ့ တန်ဖိုးပါပဲ။ ဒါကြောင့် ဟိုးအစဉ်အဆက် မိန်းကလေးများဟာ အရှက်တရားများကို သူတစ်ပါး မမြင်အောင် လုံခြုံစွာ ဝတ်ဆင်ကြသလို အပြောအဆို အပြုအမူများဟာလည်း ယဉ်ကျေးစွာဖြင့် ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်ကြသူတွေပါ။ ခေတ်မှီတိုးတက် ပြောင်းလဲလာလို့ ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလာတာ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာ မြန်မာဆိုတဲ့ အသိပျောက်လောက်အောင် ကိုယ့်ရဲ့ အရှက်တရားများ သူတစ်ပါးမမြင် မြင်အောင် ဝတ်စားဆင်ယင်မှုတွေ ဝတ်ဆင်ခြင်းဖြင့် မြန်မာတို့ရဲ့ အစဉ်အဆက် ထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှုကို ကိုယ့်ရဲ့ လုပ်ရပ် အပြုအမူက မဖျက်ဆီးမိပါစေနဲ့။ တစ်ချို့ချို့များရဲ့ လုပ်ရပ်ဟာ ယိုသူမရှက် မြင်သူရှက်ဆိုတဲ့ စကားလေးတိုင်း ယနေ့ခေတ်မှာ ဖြစ်ပျက်လာတာတွေ တွေ့နေရတာတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါ။

image

နောက်တစ်ခုက အပြောအဆိုတွေလည်း ပြောင်းလဲ လာတာ တွေ့ရပါတယ်။ လူရယ်လို့ ဖြစ်လာရင် ငယ်စဉ် ကလေးဘဝတည်းက လူကြီးမိဘများက အပြောအဆို အပြုအမူများ ယဉ်ကျေးအောင်လည်း သင်ကြားပေးကြတာပါပဲ။ ကြီးသူကို ရိုသေ ၊ ရွယ်တူကို လေးစား ၊ ငယ်သူကို သနားညှာတာ ဆိုတဲ့တိုင်း ကိုယ့်ထက်အသက်ကြီးတဲ့သူကို ရိုသေရမယ်။ ဒါကြောင့် ကိုယ့်ထက် အသက်ကြီးသော ပုဂ္ဂိုလ်မှန်ရင် ကိုယ်က ဘယ်လောက်ပင် ချမ်းသာ၊ရာထူးကြီးနေပါစေ အသက်ကြီးသူဟာ ကီုယ့်ထက် ဂုဏ်ရှိန်ဝါကြီးသူမို့ ရိုသေစွာ ဆက်ဆံ ရမှာပါ။ အခုယနေ့ခေတ်မှာတော့ ကြီးသူကို ကြီးသူမှန်းမသိ ကိုယ်က ရာထူးကြီးတယ် ချမ်းသာတယ် ဆိုပြီး အပြောအဆိုများ မယဉ်ကျေးလာတာတွေ ရှိလာသလို တွေ့နေရပါတယ်။ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်ဖို့ လမ်းစတွေ ဖြစ်လာပါတယ်။ ထိုသို့ မဖြစ်ဖို့ ကမ္ဘာမှာ မြန်မာဟာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုလို့ အများက လက်ခံသလို တစ်ဦးချင်းစီကလည်း ဂုဏ်ယူစွာဖြင့် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုများ မပျောက်ကွယ်စေဖို့ ထိန်းသိမ်းစေချင်တဲ့ ဆန္ဒလေးနဲ့ ရည်ရွယ် ရေးသားလိုက်ရပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေရှင်။
Author@ayemomo(MSC -051)
Photo by google

56 upvotes $1.87

Replies (41)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: