Community post
Written
ဟိုတလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ခုနောက်ပိုင်း ဂျပန်နိုင်ငံကအမျိုးသမီးတွေဟာ အိမ်ထောင်ပြုဖို့ထက် ကိုယ့်ဘာသာတစ်ယောက်ထဲ အပျိုကြီးဘဝနဲ့ ဖြတ်သန်းလာကြတာ များတယ်တဲ့။အဲ့ဒီတော့ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ နှစ်ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ အကြောင်းပေါ့လေ..။ပြီးတော့ အဲ့ဒီလူဦးရေပြဿနာနဲ့ အနာဂတ်ရေးရာအကြောင်း တွက်ကိန်းချက်ကိန်းတွေပေါ့လေ..။
ဘာ့ကြောင့် ဂျပန်ကအမျိုးသမီးတွေက ကိုယ့်ဘာသာ တစ်ယောက်ထဲနေကြတာလဲလို့ အဖြေရှာကြည့်တော့ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်လို့၊ကိုယ့်ဘဝ ကိုယ်ကျောင်းနိုင်လို့လို့ပဲ ယေဘုယျခန့်မှန်းမိတယ်။
( ဒီနိုင်ငံမှာ)အိမ်ထောင်ပြုကြတဲ့ အမျိုးသမီးတွေကို ကြည့်လိုက်တဲ့အခါ မှီခိုဖို့ အားကိုးဖို့ ဘဝဖြတ်သန်းမှုမှာ အခြားသူတစ်ယောက်ကို အမှီသဟဲပြုဖို့ဆိုတာတွေကို တွေ့လာရတယ်။
( အယူအဆကွဲလွှဲနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုသာ လေ့လာခြင်းဖြင့်ဆွဲမိသော မိမိ၏ ကောက်ချက်မျှသာ..)
အဲ့ဒီမှာ မှီခိုမှုဆိုတာကို ဆက်စပ်ပြီး စဉ်းစားမိတယ်။
မှီခိုမှု..ဒါမှမဟုတ် အမှီသဟဲပြုလိုစိတ်ဆိုတာ လူသားတွေရဲ့ စုဖွဲ့နေထိုင်မှုက စတယ်ဆိုတာ လက်ခံမိတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘဝတည်ဆောက်မှုမှာတော့ သာမန်ထက်ပိုတဲ့ တစ်ဖက်သားအပေါ် မှီခိုမှုကတော့ ဆိုးတဲ့အခြေအနေ ဖြစ်ပေါ်စေတယ်လို့ပဲ ယူဆမိပါတယ်..။
မနက်ခင်းတွေဆို ကလေးလေးတွေကို လူကြီးမိဘတွေက ကျောင်းကြိုပို့ကြတဲ့ မြင်ကွင်းတွေကို တွေ့ရတယ်...။
ကလေးရဲ့ ကျောပိုးအိတ်လေး ထမင်းချိုင့်လေးကအစ လိုက်ပို့တဲ့ လူကြီးမိဘတွေက ကိုင်လို့...
ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပါပဲ..။
အဲ့ဒီကနေ ကလေးဟာ လူငယ် ဆယ်ကျော်သက်အရွယ် ဖြစ်လာတယ်။ဆိုပါတော့ ကိုးတန်းဆယ်တန်း ဖြစ်လာတယ်။ မိဘတွေရဲ့ တာဝန်ကျေပွန်မှုက အံ့မခန်းဖွယ်ပါပဲ။ကလေးစားပြီးသား ပန်းကန်၊ ဝတ်ပြီးသားအဝတ်တွေကို ဆေးကြော လျှော်ဖွပ်ပေးနေတုန်းပဲ။
အဲ့ဒီကနေ စတဲ့ မိဘတွေရဲ့ သိတတ်တာဝန်ကျေပွန်မှုက ကလေးတွေရဲ့ မှီခိုလိုတဲ့စိတ် အားကိုးရှာတဲ့ စိတ်ကို ပိုပြီးပိုပြီး လောင်စာထည့်ပေးလိုက်သလိုပါပဲ..။
အထူးသဖြင့်တော့ မိန်းကလေးတွေက နဂိုအားငယ်တတ်တာရော အားနွဲ့ခြင်းဆိုတဲ့ သတ်မှတ်ချက်အပေါ်မှာရော ဖိနင်းပြီး မှီခိုလိုမှု အားကိုးရှာမှုက ပိုပြီး ကြီးထွားလာလေ့ရှိတယ်။
တွေ့နေကြုံနေရတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အားကိုးရှာမှုက ရယ်စရာလည်း ကောင်းရဲ့..။
ကောင်လေးတစ်ယောက်ရစ်သီရစ်သီလာလုပ်တာနဲ့ ကောင်မလေးဖက်က ရုပ်ရည်အရင်ကြည့်တယ်။ ရုပ်ရည်အိုကေတာနဲ့ နောက်ဆက်တွဲ ဥစ္စာကိုပဲ ကြည့်တယ်။သူ့ရဲ့ပညာဆိုတာ ဥစ္စာထဲမှာလောက် အရေးမပါဘူး ဖြစ်သွားတဲ့အဆင့်အထိပါပဲ။( အသက် ၁၆ဝန်းကျင်မှ ၂၂ ဝန်းကျင်အထိ စိတ်ကစားတတ်တဲ့အရွယ် မိန်းကလေးများအား လေ့လာထားခြင်းဖြစ်)
ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတော့ ရှင်းပါတယ်။သူတို့ဘဝတလျှောက်လုံး မှီခိုရမယ့်သူမှာ မှီခိုဖို့လုံလောက်တဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေက မျက်မြင်တွေ့မှ ယုံကြည်ကြလို့ပါပဲ..။
အားကိုးရှာတာထက် မှီခိုဖို့ ပိုပြီးရှာဖွေနေကြလို့ပါပဲ။
အားကိုးရှာတဲ့ မိန်းကလေးတွေက စိတ်လုံခြုံမှု ဘဝလုံခြုံမှုအတွက်စဉ်းစားကောင်း စဉ်းစားနိုင်ပါသေးတယ်။
ဒါပေမယ့်....
အခုခေတ်မှာ မိန်းကလေးအများစုက မှီခိုမှု အလေ့အကျင့်ကို ငယ်ကတည်းက လေ့ကျင့်ပေးခံရပြီးသားလို ဖြစ်နေခဲ့ပြီလေ..။
ပြီးတော့ နည်းပါးလွန်းတဲ့ လုပ်ခလစာတွေက ကိုယ့်ဘဝတစ်ခုရပ်တည်ဖို့ မလုံလောက်တဲ့အခါ၊စိတ်လုံခြုံမှု ဘဝလုံခြုံမှု ဥပဒေရဲ့အကာအကွယ်ပေးခံရမှုတွေက ကွက်ကျားရိုက်နေတဲ့အခါ၊
အခက်အခဲတွေ ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်ဖို့ သင်ကြားမကြားရတဲ့အခါ၊ရုန်းထွက်ရခြင်းတွေ လောကဓံတွေကြားမှာ မဏိမေခလာပုံပြင်ကိုပဲ ရိုက်သွင်းခံခဲ့ရတဲ့ လူငယ်လေးတွေရဲ့ စိတ်ထဲမှာ မှီခိုမှုဆိုတာ အစဉ်အလာတစ်ခုလို ဖြစ်နေခဲ့ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် မှီခိုဖို့ထက် သူတပါးကို မှီခိုအားထားမှုတွေကိုသာ ရွေးချယ်တန်လာကြတဲ့ လူတွေ တိုးပြီးရင်း တိုးလာနေတာကို တွေ့နေမြင်နေ ကြုံနေ ကြားနေရတဲ့အခါ.....
ဂျပန်နိုင်ငံက တစ်ကိုယ်တည်း ဖြတ်သန်းတဲ့ မမတွေနဲ့ မတူညီခြင်းများစွာထဲမှာ ဟိုး ငယ်ဘဝကတည်းကစလို့ အလွန်အကျူးဂရုစိုက်ခြင်းတွေကို ဂုဏ်ယူစရာတစ်ခုလို ဝင့်ကြွားနေကြတဲ့ မိဘတွေနဲ့ မှီခိုကျင့်တွေကို စတင်ခဲ့သူတွေဟာ ဒီနိုင်ငံမှာ အမြောက်အများလို့ပဲ ပြောချင်မိပါတယ်။
( ကိုယ့်Friတွေထဲမှာ ကိုယ့်ဝင်ငွေနဲ့ကိုယ် ကိုယ့်ဘာသာ မှီခိုနေတဲ့ အပျိုကြီးမမတွေလည်း အများကြီး ရှိနေကြပါကြောင်း...) 
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.