4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Buddha

တူသောအကျိုးပေး

သာဝတ္ထိတစ်ပြည်လုံး ငိုကြွေးသံတွေ ဖုံးနေသည်။ ထိုနေ့ နံနက်က ဆွမ်းခံထွက်လာသော သံဃာတော်များ သည် သာဝတ္ထိပြည်အတွင်း ပူဆွေးသောကရောက်နေသူများကြား၌ ဆွမ်းခံကြွနေကြရသဖြင့် ကိုယ်တော်တို့ လည်း စိတ်မချမ်းမသာဖြစ်နေကြရသည်။

“မှန်လှပါဘုရား တပည့်တော်သားလေး တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်ဘုရား”

“ကယ်တော်မူပါဘုရား … တပည့်တော် လင်ယောက်ျား တိုက်ပွဲကျခဲ့ပါပြီဘုရား”

သာဝတ္ထိတစ်ပြည်လုံး ငိုကြွေးစံတွေ ဖုံးနေသည်။

စစ်ကြောင့်သေရသူတွေ၏ မိသားစုတွေ မျက်ရည်ချောင်း စီးစေခဲ့သည့် နေ့ဖြစ်သည်။

မာဂဓပြည့်ရှင် အဇာတသတ်နှင့် သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလတို့ ကာသိရွာတွင် စစ်ပြိုင်ကြသည်။ တစ်ဖက်နှင့်တစ်ဖက် ငြိုးသူရန်ဘက်တွေပမာ အသေအကျေ တိုက်ခိုက်ကြကုန်သည်။ နောက်ဆုံး ပသေနဒီ ကောသလမင်းသည် အဇာတသတ်ကို တိုက်ခိုက်နိုင်စွမ်းမရှိတော့ပြီ။ အသေအပျောက်များစွာဖြင့် ဆုတ်ခွာလာ ခဲ့ရသည်။

ထိုစဉ်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည်တွင် သီတင်းသုံးတော်မူနေသည်။ ဆွမ်းခံ ပြန်ကြွလာသည့် ရဟန်းများက

“အသျှင်ဘုရား အဇာတသတ်နှင့် ပသေနဒီကောသလမင်းတို့ စစ်ဖြစ်ပါသည်ဘုရား။ စစ်ရှုံးခဲ့ပြီး တစ်တိုင်း ပြည်လုံး ပူဆွေးသောကရောက်နေကြပါသည်ဘုရား။ အဇာတသတ်မင်းက စစ်နိုင်သွားပါသည်ဘုရား” ဟု လျှောက်တင်ကြလေသည်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက

“ချစ်သားတို့ ပသေနဒီကောသလမင်းကြီးတော့ စစ်ရှုံးသည့်အတွက် စိတ်ပင်ပန်းဆင်းရဲနေပေတော့မည်”

“မှန်လှပါဘုရား … အဇာတသတ်မင်းကတော့ ယခုအချိန်တွင် အောင်မြင်သဖြင့် ပျော်ရွှင်နေပေတော့မည်”

ဘုရားရှင်က ရဟန်းတို့ကို စဉ်းစားစရာ စကားဥပမာတစ်ခွန်း မိန့်တော်မူလိုက်သည်။

“အောင်နိုင်သောသူသည် ရန်ကိုပွားစေသည်။ ရှုံးသောသူသည် ဆင်းရဲစွာ နေရသည်။ အောင်နိုင်ခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို စွန့်ပယ်ပြီး ငြိမ်သက်စွာ နေနိုင်သော သူသည်သာ ချမ်းသာစွာ နေရမည်”

အလိုတန်ဖိုးရှိလိုက်သည့်စကားပါလား။ ရဟန်းအပေါင်းတို့ တိတ်ဆိတ်ပြီး နားစွင့်နေသည်။

ဘုရားရှင်၏ ဆုံးမစကားမှာ အလွန်မှတ်သားစရာပင်။

အပြိုင်အဆိုင်လုပ်လိုက်ပြီး နိုင်လိုက်ခြင်းမှာ အမှန် တကယ် နိုင်ခြင်းလား အတွေးပွားစရာဖြစ်သည်။ အောင်တိုင်း နိုင်သလား။ တစ်ဖက်ကိုပြိုင်ပြီး ကိုယ်က နိုင်သည်ဟုထင်နေသည်။ သို့သော် နိုင်လိုက်ခြင်းကြောင့် ရှုံးသည့်ဘက်က အမုန်းပွားခြင်းကို ခံစားရနိုင်သည်။ နိုင်ခြင်းကြောင့် သူတစ်ပါး၏ မေတ္တာတွေ ဆုံးရှုံးရသည်။ အရှုံးခံပြီး နိုင်နေခြင်းလား စဉ်းစားရန်သာဖြစ်သည်။ နိုင်ခြင်း၊ ရှုံးခြင်းတို့ကို သတိတရားဖြင့် ဆင်ခြင်ပြီး ငြိမ်သက်စွာဖြင့် နေနိုင်သူမှသာ စိတ်ချမ်းသာခြင်းကြီးစွာဖြင့် နေထိုင်နိုင်မည်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ထောက်ပြလိုက်သည်မှာ အဇာတသတ်သည် နိုင်သည်ဆိုပြီး အမြဲမပျော်နိုင်။ ပသေနဒီကောသလသည်လည်း ရှုံးသည်ဆိုပြီး အမြဲစိတ်မဆင်းရဲနိုင်။ နိုင်ခြင်း၊ ရှုံးခြင်းတို့ကို ပြိုင်နေသမျှ စိတ်ပူပန်ဆင်းရဲခြင်းကိုသာ ဖြစ်စေနိုင်ပေလိမ့်မည်ဟုလည်း တရားပြလိုက်သည်။

အဇာတသတ်သည် နောက်တစ်ကြိမ်စစ်ပြုရန် ကာသိရွာကို ချီတက်လာကြောင်း ပသေနဒီကောသလမင်း ကြားပြန်သည်။ ယခုတစ်ကြိမ်တွင်လည်း ပသေနဒီကောသလသည် ကာသိရွာတွင် ကြိုတင်ပြီး စစ်ပြင်ထားလေ သည်။ ယခုတစ်ကြိမ်တွင်မူ အဇာတသတ်သည် စစ်ရှုံးပြီး ပသေနဒီ ကောသလမင်း၏ အဖမ်းခံလိုက်ရလေ သည်။

အဇာတသတ်ကို ပသေနဒီကောသလမင်းကြီးက အရှင်ဖမ်းမိသော်လည်း သူ၏ ဆင်မြင်းအပေါင်းနှင့် စစ်သည်အပေါင်းတို့ကို သိမ်းယူထားလိုက်ပြီးလျှင် အဇာတသတ်ကို ပြန်လွှတ်လိုက်လေသည်။ ပသေနဒီ ကောသလမင်းကား ဘုရားရှင် ဟောကြားသလိုပင် သူတော်ကောင်းနှင့် ပေါင်းဖော်သူဖြစ်သောကြောင့် သူတော်ကောင်းစိတ်ထားကို ထားလိုက်သူဟုဆိုရမည်။

စစ်နိုင်ပြီး ပြန်လာသည့် သာဝတ္ထိပြည်ကြီးတွင် ဆိုင်းသံဗုံသံတို့ဖြင့် အောင်ပွဲခံနေကြပြီ။ နံနက်ခင်း ဆွမ်းခံကြွ ရာက ပြန်လာကြသည့် ရဟန်းတို့သည် ဘုရားရှင်ထံခစားကာ ပသေနဒီကောသလ၏ စစ်နိုင်ကြောင်းကို ပြောပြ ကြလေသည်။ ထို့ပြင် အဇာတသတ်ကို ပသေနဒီကောသလသည် အရှင်ဖမ်းမိသော်လည်း မသတ်ဘဲ ပြန်လွှတ် ပေးလိုက်ကြောင်းကိုလည်း လျှောက်တင်ကြလေသည်။
မြတ်စွာဘုရားက ထိုစကားကို ကြားတော်မူသည့်အခါတွင်

“သူတစ်ပါးကို ဖျက်ဆီး ညှဉ်းဆဲသူသည်၊ သူညှဉ်းဆဲဖျက်ဆီးသလောက်ပင် လုယက်ဖျက်ဆီးခြင်းကို ပြန်လည် ခံစားရလိမ့်မည်။ ကိုယ်က သူတစ်ပါးအပေါ် ဖျက်ဆီးခြင်းအမှုကို ပြုခဲ့သည်ရှိသော်၊ ဖျက်ဆီးခြင်း ခံရသူ၏ ပြန်လည်း ဖျက်ဆီးခြင်းကို ခံရမည်သာတည်း”

“မကောင်းမှုဆိုသည်မှာ အချိန်ကာလမရောက်သေးသမျှ မိမိပြုသော မကောင်းမှုကို ကောင်းသောအပြုအမူဟု ထင်နေကြမည်သာဖြစ်သည်။ သို့သော် အချိန်ကျလာလျှင် မကောင်းမှုပြုသူကို မကောင်းမှုအကျိုးက ပြန်ရောက် လာမည်သာဖြစ်သည်။ ထိုအချိန်တွင် မကောင်းမှုကို ပြုခဲ့သော လူမိုက်သည် ဆင်းရဲခြင်းကို တစ်ဖန်ပြန်ပြီး ခံစားရပေလိမ့်မည်”

“သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲသူသည် မိမိကိုလည်း သူတစ်ပါးက သတ်ဖြတ်ညှဉ်းဆဲမှုကို ခံရမည်သာဖြစ် သည်။ သူတစ်ပါးကို အောင်နိုင်ပြီဟု အထင်ရောက်သူသည် တစ်နေ့တွင် ပြန်ပြီး အနိုင်ခံရတတ်သည်။ သူတစ်ပါးကို ဆဲရေးလိုက်သူသည် ကိုယ်လည်း ပြန်လည်ဆဲရေးခြင်းကို ခံရမည်သာတည်း။ သူတစ်ပါးကို ချုပ်ချယ်သူသည် ကိုယ်လည်း ပြန်လည် ချုပ်ချယ်ခံရမည်ဖြစ်သည်။ သူတစ်ပါးထံမှ မတရား လုယက်သူသည် သူတစ်ပါး၏ ပြန်လည် လုယက်ခြင်းကို ခံရမည်သာတည်း”

ဘုရားရှင်က လက်တွေ့ဘဝတွင် ကိုယ်ပြုသလို ကိုယ်ပြန်ခံရနိုင်ကြောင်း အဇာတသတ်နှင့် ပသေနဒီကောသလ တို့ဖြင့် ပမာပြုကာ ဟောပြောဆုံးမသွားသည်မှာ အလွန်ပီတိဖြစ်စရာပင်။

(ရည်ညွှန်း - သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်၊ ပဌမနှင့် ဒုတိယ သင်္ဂါမသုတ်)

ယနေ့ထုတ် The Voice Daily သတင်းစာတွင် ရေးသားခဲ့သော “တူသောအကျိုးပေး” ဆိုသည့် စာစုကို ပြန်လည် ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

တင်ညွန့် (ဓမ္မမီးအိမ်)

၂၉.၅.၂၀၁၈ image

4 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: