4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကား​မောင်းမည်

အမျိုးသမီးတစ်ယောက် ကားမောင်းမယ်ဆိုရင်-

မိန်းမကို စိတ်မချလို့ကားပေးမမောင်းတဲ့ ယောကျားတွေနဲ့ ကား accident ဖြစ်မှာစိုးလို့/ ကား accident ဖြစ်ဖူးလို့ကားမမောင်းရဲတော့တဲ့ မိန်းမတွေအတွက်-

ကျွန်မကားတွေကို မောင်းဖို့ခန့်ထားတဲ့ ကားဒါရိုက်ဘာ ၄ ယောက်ရှိပါတယ်။ ဒါပေမယ့် အလုပ်မများတဲ့အချိန် ကိုယ်တိုင်မောင်းရတာကို အနှစ်သက်ဆုံးပါ။

ကား accident ၅ ကြိမ်ဖြစ်ဖူးပြီး အခုလည်း ကား accident အမှုရင်ဆိုင်နေရတာ မပြီးသေးပါဘူး။ ဒါက ကားမောင်းတာကို ရပ်တန့်စေလိမ့်မယ့်အရာလို့ တစ်ခါမှ မခံစားဖြစ်ခဲ့ပါဘူး။

မိန်းမလို ကားမောင်းနေတယ်။ မိန်းမတွေ ကားမောင်းရင် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ဝေဖန်တတ်ကြတဲ့အတွက် ကားမောင်းခြင်းဟာ တကယ်ပဲ ခက်ခဲပြီး ယောကျားတွေ နဲ့တန်းတူ မဖြစ်နိုင်ဘူးလားလို့ သိချင်လို့ ကျွန်မ ကားမောင်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်မလည်း တခြားသူတွေလိုပဲ အိမ်က ယောကျားက လုံးဝ ကားကိုမထိခိုင်းပါဘူး။ ဒီတော့ သူခရီးသွားနေတဲ့ တစ်ပတ်အတွင်းမှာ ကားမောင်းသင်တဲ့ဆရာကို အိမ်ခေါ် ပြီးအတတ်သင်ခဲ့ပါတယ်။

ကားမောင်းသက်တမ်း ၅ ရက်မှာကိုသူများကားအနောက်ကို မလွတ်ပဲကွေ့မိလို့ ပထမဆုံး accident စဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်က ယောကျား အဆူခံရပြီး ကားပေးမကိုင်တော့မှာ စိုးလို့ workshop ဆရာကို ထိုင်ရှိခိုးမတတ်တောင်းပန်ပြီး ၂ ရက်အတွင်းအပြီးပြင်ခိုင်းလိုက်ရပါတယ်။

ကားမောင်းတတ်တော့ ဘာဖြစ်လဲ။

၁။ ကိုယ့်စိတ်ကြိုက်ကား စီးလို့ရပါတယ်။
၂။ ကိုယ်ကြိုက်တဲ့အချိန် သွားခွင့်ရပါတယ်။
၃။ ဘယ်သူ့ကိုမှ မျက်နှာချိုသွေး စောင့်ဆိုင်းစရာမလိုပါဘူး။
၎။ ကိုယ်သွားချင်တဲ့ နေရာ သွားခွင့်ရပါတယ်။
၅။ မိမိရဲ့ ယုံကြည်မှုကို နေ့စဉ်ကားမောင်းခြင်းကမြင့်တက်လာစေပါတယ်။
၆။ လုံခြုံရေး ပိုစိတ်ချရပါတယ်။

စီးပွားရေး လုပ်ငန်းတွေကို ကိုယ်တိုင် ဦးဆောင်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် ကားကိုယ်တိုင်မောင်းရတာ လုပ်ငန်းတွေအတွက် ဘယ်လောက် အကျိုးရှိတယ် ဆိုတာပြောစရာ မကုန်နိုင်ပါဘူး။ ( သူများနောက်လိုက်လုပ်နေသူများကို မဆိုလိုပါ။)

သူဌေးဆိုတာ ကားမောင်းစရာမလိုဘူး ဆိုတဲ့ အခမ်းအနား တွေအတွက်လောက်ပဲ ဒါရိုင်ဘာကို သုံးကြပြီး သူဌေးတိုင်းက အားလပ်ချိန်မှာ ကိုယ့်ကားကိုယ်မောင်းကြပါတယ်။

ကား accident ဖြစ်မှာကြောက်လို့ ဆိုတဲ့ အကြောင်းအရာ ကိုဆွေးနွေးကြည့်ရအောင်။ကား accident ဖြစ်ရင် -

၁။ ကိုယ့်ကားပျက်စီးပါတယ်။
၂။ သူများကား ပျက်စီးပါတယ်။
၃။ အမှုဖြစ်ရင် အချိန်ကုန် ( သို့မဟုတ်) ငွေကုန်ပါတယ်။

ဒါထက် ဘာဖြစ်စရာရှိမလဲ။ စည်းကမ်းချက်အတိုင်း လက်ကိုင်နောက်ကို ဝင်တာနဲ့ ခါးပတ်ကို ပတ်ထားရင် ထိခိုက်ဒဏ်ရာရမှာ စိတ်ပူစရာ မရှိပါဘူး။ လေအိတ်အကာအကွယ်က အဆိုးဆုံး အခြေအနေအတွက် ရှိပြီးသားပါ။

ဒါဆိုရင် လူတွေဘာဖြစ်လို့ accident ဖြစ်မှာကြောက်တာလဲ ဆိုရင် ပိုက်ဆံကုန်မှာ စိုးရိမ်လို့ဖြစ်ပါတယ်။ ပိုက်ဆံ ရှာနိုင်တဲ့ သူတွေ ကိုယ်ပိုင်ဝင်ငွေ ရှိတဲ့သူတွေဟာ ပိုက်ဆံ ကုန်မှာကို မစိုးရိမ်ကြပါဘူး။ ဒီဘက်က ထွက်ရင် ဒီဘက်က ပြန်ဝင်မှာ သိနေကြလို့ပါ။
ဒီတော့ ကားအတွက် ငွေမကုန်ချင်ရင် ကားမောင်းပြီ ဆိုတာနဲ့ ကားအာမခံထားပါ။ ကားအာမခံ ကုမ္ပဏီတွေ အများကြီးရှိတဲ့အတွက် ဘယ်ဟာကောင်းလဲ စုံစမ်းစေချင်ပါတယ်။ အာမခံလုပ်ငန်းတွေ ကမ္ဘာနဲ့အဝှမ်း ဖွံ့ဖြိုးနေချိန်မှာ မနေ့တနေ့ကမှ အာမခံကို ကြားဖူးပြီး မကောင်းဘူး မကောင်းဘူး ဖင်ပိတ် မငြင်းပါနဲ့။ ကိုယ့်အရည်အချင်း သူများသိပါတယ်။

ပိုက်ဆံကုန်မှာ မကြောက်ပါဘူး။ အမှုအခင်းဖြစ်မှာတော့ ကြောက်တယ်။ အချိန်ကုန် ငွေကုန်ပြီး လူပင်ပန်းတယ် လို့ ပြောကြတဲ့အတွက် နောက်ဆုံး ဖြစ်ခဲ့တဲ့ ကား accident မှာ အမှုဖွင့်ခိုင်းလိုက်တဲ့ အတွေ့အကြုံ ဝေငှပေးပါ့မယ်။

ကားက လုံးဝအသစ်ဆိုတော့ အာမခံမထားရသေးချိန် ၂၀၁၈/ ဇန်နဝါရီလမှာ ကား accident ဖြစ်ခဲ့ပါတယ်။ လမ်းပြောင်းပြန်ရပ်ထားတဲ့ Taxi နှစ် စီးကို မျက်နှာချင်းဆိုင် ဆင့်တိုက်မိလိုက်တာပါ။

သိတယ်မဟုတ်လား။ ဖြစ်ဖြစ်ချင်းဆို ကိုယ်လည်း သွေးပူ။ မောင်းလာတာက မိန်းမ ဆိုတော့ လူအုပ်ကလည်းဝိုင်းကြည့်။ ကားခေါင်းတွေကလည်း ကြေမွနေတော့ ကားဒါရိုင်ဘာတွေကလည်း အပီအပြင် ဖဲ့ဖို့ ဟန်ပြင်ထားတဲ့ ပွဲကြီးပေါ့။

ဒီလိုအချိန်မှာ ဘာလုပ်သင့်လဲ အရင်ဆုံး စဉ်းစားပါ။ ကိုယ်က ဝင်တိုက်မိတယ် ကိုယ်လွန်တယ် ဆိုရင် သူများ ထိခိုကိမှုအတွက် လျှော်ပေးရမှာ ထုံးစံပါ။ ဘယ်လိုလျှော်ပေးမလဲ။ ထိုက်သင့်တဲ့ တန်ဖိုးကိုတော့ ပေးလျှော်ရမှာပေါ့။ အဲ ပျက်တာက ကြက်တူရွေးကား ပြင်ချင်တာက မာစီးဒီး စရိတ်တော့ မလုပ်နဲ့လေ။ ဒါမျိုးကို တော့ မိန်းမမို့လို့ ယောကျား မို့လို့လက်မခံနိုင်ပါဘူး။ ယာဉ်မတော်တဆ ဖြစ်မှုတိုင်းရဲ့ အမြင့်ဆုံးထောင်ဒဏ်က ၁ လမှ ၂ နှစ်ထိသာရှိပြီး ငွေဒဏ်ကတော့ ပျက်စီးမှုတန်ဖိုးအပေါ်လိုက်ပြီး ကွဲပြားပေမယ့် သိပ်မများပါဘူး။

မတော်တဆ ဆိုတဲ့စကားမှာကိုက ပျက်စေလိုတဲ့သဘောမပါဝင်တာမို့ ကံမကောင်းတဲ့အချိန်တွေမှာ ဖြစ်တတ်တာပါ။ ခပ်တိုတိုပြောရရင် ပြင်ပေးပါ့မယ် လို့ပြောနေချိန်မှာ အချိန်ဆွဲပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ လုပ်နေကြတာနဲ့ ယာဥိမှုစစ် ရောက်လာချိန်မှာ အမှုဖွင့်ဖို့ လမ်းကို ရွေးချယ်ခဲ့ပါတယ်။

မိတ်ဆွေ တချို့က တရားခံ နေရာ ရောက်အောင်ရွေးချယ်ခဲ့တာခေါင်းမာတာပဲ။ မိုက်မဲတာပဲ လို့ပြောကြပေမယ့် ဘဝဆိုတာ ကံနိမ့်ချိန် မှာ တရားခံ ဖြစ်လာလည်း ရင်ဆိုင်ရဲတတ်ဖို့ သတ္တိရှိရမှာပါ။

အမှုတစ်ခုဖြစ်လာရင် ပါဝင်ပတ်သက်သူ ၅ ဦးရှိပါတယ်။

၁။ တရားလို
၂။ တရားခံ
၃။ ရဲ
၎။ ဥပဒေအရာရှိ
၅။ တရားသူကြီး တို့ဖြစ်ကြပါတယ်။

တရားလိုက ရဲစခန်း ဆီမှာ တရားခံကို အမှုဖွင့်လိုက်တယ်ဆိုရင် ရဲက အမှုကို ဥပဒေအရာရှိထံ မှာ စွဲချက်တင်ရပါတယ်။ ဥပဒေ အရာရှိက ပုဒ်မကို ဆုံးဖြတ်ပေးပြီး တရားသူကြီး ရှေ့မှောက်မှာ အမှုစီရင်ရတာ ဖြစ်ပါတယ်။

ကား accident က အာမခံ ၂ ယောက်ပေးတဲ့အတွက် အချုပ်ထဲ ဝင်စရာမလိုပါဘူး။ အာမခံက မှတ်ပုံတင် သန်းခေါင်စာရင်းနဲ့ ပိုင်ဆိုင်မှုတခုခုပြဖို့ လိုပါတယ်။

အမှုဖြစ်ရင် တရားခံကို တရားစွဲဖို့ သက်သေလိုအပ်ပါတယ်။ ဒါကြောင့် တိုက်တဲ့ကားရော အတိုက်ခံရတဲ့ ကားရော အားလုံးကို သက်သေအဖြစ် သိမ်းဆည်းပြီး ရဲ အင်ဂျင်နှီယာက စစ်ဆေးပြီးရင် အာမခံနဲ့ ပြန်ထုတ်ပေးပါတယ်။

ကဲ။ လူရော ကားပါ ယာဉ်မှုစစ် စခန်းက - အာမခံနဲ့ ထုတ်ထားပြီးရင် ဥပဒေ အရာရှိက ပုဒ်မ သတ်မှတ်ပေးချိန်ကို စောငိ့ရပါတယ်။
ဥပဒေ အရာရှိဆီက ပုဒ်မ ကျလာရင် တရားရုံးမှာ အမှု ရင်ဆိုင်ရပါတယ်။ ဒီအတွက် တရားခံ နဲ့ အမှုဖြစ်တဲ့ကားကို တရားရုံးမှာ ဒုတိယအကြိမ် အာမခံ ထပ်ပြရပါတယ်။
တရားသူကြီးက - ဥပဒေ အရာရှိရှေ့မှောက်မှာ တရားလို။တရားခံ။ သက်သေ စုံညီစွာ ခေါ်ပြီး အမှုစစ်ဆေးပြီးတဲ့အခါ အပြစ်ဒဏ်ချမှတ်ပါတယ်။

ဒါက အမှုတစ်ခုနဲ့ process ပါ။ ဒီလိုစနစ်ထဲမှာ တစ်ယောက်ယောက်က ပျက်ကွက်တာနဲ့အမှုကို နှစ်ပတ်ကြာပြန်ချိန်းပါတယ်။

လူတွေ ပေါက်ကရပြောကြတဲ့ ငွေကုန်တယ် ဆိုတာကို ကျွန်မ ရီချင်ပါတယ်။ ငွေကုန်ရအောင် ဘယ်သူကမှ တောင်းတာ မတွေ့ဖူးသေးပါဘူး။ လူတွေကသာ အလကားနေ ကြောက်လန့်ပြီး ငွေထုတ်ပေးနေကြတာပါ။

အချိန်ကုန်တယ် လို့ပြောရအောင်ကလည်း တရားရုံးဆိုတာ လူမစည်ကားတဲ့ အရပ်မှာပါပေမယ့် အင်မတန် မှ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတခုပါ။ လူဆိုတာက အသက်သာတစ်ရာ မနေရတာ အမှုက တစ်ရာမက ဝန်းရံနေတတ်တာမို့ ငါနဲ့တော့ မဆိုငိပါဘူး သတ်မှတ်ထားလို့ မရနိုင်ပါဘူး။

လူပင်ပန်းတယ် ဆိုတဲ့စကား။ air con မရှိ ပန်ကာမရှိ မသားနားတဲ့ နေရာမှာ ရောက်နေရငိ လူပင်ပန်းတယ် ဆိုပေမယ့် တိုက်ပုံ အနက်ရောင် လက်ရှည်ကြီးတွေ ဝတ်ဆင်ထားရတဲ့တရားသူကြီးတွေ ရှေ့နေတွေက ကျွန်မတို့ထက် ပိုပင်ပန်းမှာပါ။

တနေ့တနေ့ တရားခွင်တစ်ခုမှာအမှု အနည်းဆုံး ဆယ်မှု အထက်ရှိကြပါတယ်။ တရားသူကြီး။ တရားခွင်စာရေး။ တရားရုံးအစောင့်။ ကျမ်းကိုင်တဲ့ကျမ်းစာထုတ်။ အချုပ်ကားအပြာရောင်။ လက်ထပ်ခတ် တရားခံတွေ။ သက်သေလုပ်စားနေကြသူတွေ။ တခါတရံ ခြေထိပ်သံတချွမ်ချွမ်လမ်းလျှောက်တိုင်းထွက်နေသူတွေကို သာမန်အချိန်တွေမှာ တွေ့ရင် ကျောချမ်းမိမှာပါ။

ဒါပေမယ့် ၂ ပတ်တခါ ရုံးချိန်းကို ပုံမှန်လာနေတဲ့အခါမှာ ဒါတွေနဲ့ ရင်းနှီးလာပါတယ်။ ပုဒ်မ တော်တော်များများအကြောငိး သိလာပါတယ်။ အပြစ်ဒဏ်သဘောတရားတွေလည်း လေ့လာမိပါတယ်။ တရားစီရင်ရေးကိုလူတွေက ကိုယ်နဲ့မဆိုင်ဘူးလို့ ဥပဒေကို မထီလေးစားပြုချင်ကြပါတယ်။ တရားရေးကို ငွေ နဲ့ကစားလို့ရပါတယ် ထင်တတ်ကြပါတယ်။ ဒီလိုလုံးဝ မဟုတ်တဲ့အကြောင်းက တရားရုံးကို ရောက်ဖူးမှ နားလည်နိုင်မှာပါ။

လူတွေက ဥပဒေကို မသိချင်ပါဘူး။ ငါ့နဲ့မဆိုင်ပါဘူး ထင်မှတ်ရင်း ရဲ။ ဥပဒေ ။ တရားသူကြီး တွေ နဲ့တွေ့ရမယ်ဆိုမှ ကြောက်ဒူးတုန်ကြပါတယ်။

ဪ ကားအကြောင်းပြောပြရာက ပေရှည်လိုက်တာ ဘယ်တွေရောက်ကုန်လဲ မသိတော့ပါဘူး။

ဒီတော့ အမျိုးသမီးတွေ ကားမောင်းရမှာ မကြောက်ကြပါနဲ့။ ကားကို ကိုယ်တိုင်မောင်းကြပါ။
ငါ မောင်းနိုင်သားပဲ ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ သူများလုပ်နိုင်တဲ့အရာတွေမှာ ငါ နောက်ကျမကျန်ခဲ့ပါဘူးလို့ ကိုယ့်သမိုင်းကိုယ်ရေးပါ။
ကြောက်စရာ အတွေ့အကြုံကို ကျွမ်းကျင်လာအောင် ကြိုးစားခြင်းဖြင့် ရင်ဆိုင်ကျော်ဖြတ်ပါ။ အလွယ်တကူ အရှုံးမပေးလိုကိပါနဲ့။
image
ဒီလိုဆိုရင် Toyota, Hyundai, Ford, Mercedes ကိုမောင်းနှင်နေသလို ကိုယ့်ဘဝလမ်းကို ကိုယ်တိုင် ပဲ့ကိုင်မောင်းနှင်ဖို့ အဆင်သင့်ဖြစ်လာပါလိမ့်မယ်။

34 upvotes $2.30

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: