4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Sister

တစ်အူတုံဆင်းမောင်နှမအရင်းတွေကြားမှာ
ဂါရဝ နိဝါတတွေနည်းပါးလာတာမြင်တိုင်းမှာ ဝမ်းနည်းမိတာအမှန်...

ညီအစ်ကို မောင်နှမချင်း ''မင်းနဲ့  ငါနဲ့ ''
''နင်နဲ့ ငါနဲ့ ''ပြောတာမြင်ရင် ဖွဖွလေး တားချင်မိတယ်....

ကျနော့်မှာ အစ်မရှိတယ် အသက်အားဖြင့် ၁နှစ်နဲ့  ၉လနဲ့  ၁၈ရက်ကွာတယ်...
ဒါပေမယ့်သူဟာ ကျနော့်ရဲ့ ဒုတိယမိခင်ပဲ...
မောင်တစ်ယောက် ပေးသင့်တဲ့ ဂါရဝထက်ပိုပြီး ကျနော့်အစ်မကို လေးစားဆက်ဆံတယ်... သူကလည်း အစ်မတစ်ယောက်ထက်ပိုတဲ့ ဂရုစိုက်မှုတွေနဲ့  ကျနော့် ဖေးကူထူမခဲ့တယ်...

ခပ်ကြွားကြွားလေးပြောရရင်
ကျနော်တို့ မောင်နှမတွေကြားမှာရှိတဲ့ ရင်းနှီးမှု နွေးထွေးမှု အပြန်အလှန်လေးစားဆက်ဆံမှုကို အခြားသော
ညီအစ်ကိုမောင်နှမများနဲ့  နှိုင်းယှဉ်ဝံ့ပါတယ်

အသက် ၃၃အရွယ် အစ်ကိုလတ်က အသက်၃၆အရွယ် အကိုကြီးကို စကားပြောတဲ့အခါ ''သား''ဆိုတဲ့ နာမ်စားကို သုံးနေဆဲပဲ... ကလေးဘဝကတည်းက သုံးခဲ့တဲ့ နာမ်စားတွေဟာ အခုချိန်အထိ ပြောင်းမသွားဘူး...
တချို့ တွေဟာ မောင်နှမချင်း ရိုသေပြဖို့  ရှက်နေကြလေရဲ့....

အစ်ကိုလတ်က စပြီးရိုသေပြတော့ အငယ်နှစ်ယောက်ဖြစ်တဲ့ မမနဲ့  ကျနော်ဟာ ဒီ Flowအတိုင်း လိုက်စီးမိတော့တာပဲ...

ညီအစ်သုံးယောက်ကြားမှာ ရောက်နေတဲ့ မမဟာ နည်းနည်းတော့ ယောကျာ်းဆန်တယ်
ထက်တယ် ရဲတယ် ဒါပေမယ့် မာန်အသင့်အတင့်ထက်ပိုကြီးတယ်
ကျနော့်ကို ဆက်ဆံတဲ့အခါ ''၂၈နှစ်အရွယ်''လူတစ်ယောက်လို လေးလေးစားစား ဆက်ဆံသည့်တိုင်
ဂရုစိုက်တဲ့အခါ မောင်တစ်ယောက်အဖြစ် ယုယုယယဂရုစိုက်နေဆဲ...

အဖေကတောင်စိုးရိမ်တယ်
''နင့်မောင် ခြောက်သွားလိမ့်မယ်''တဲ့
တကယ်တော့ဖေဖေမှားခဲ့ပါတယ်
မမ ဟာ ဘယ်တော့မှ ကျနော့်ကို လောင်းရိပ်မမိစေခဲ့ဘူး... သူကိုယ်တိုင် စာအုပ်ဖတ်ဝါသနာပါခြင်းနဲ့ အတူ ကျနော့်ကိုပါ ဆွဲခေါ် စည်းရုံးနိုင်တယ်
သူကိုယ်တိုင် English စာ ဝါသနာပါခြင်းနဲ့ အတူ ကျနော့်ကိုလည်း ဝါသနာပါစေခဲ့တယ်
ဒါဟာ လောင်းရိပ်လား လမ်းပြမှုလား
ကျနော် ခွဲခြားသင်ယူခဲ့ရတယ်...

တစ်အိမ်လုံးမှာ ''ဆွေမျိုးသားချင်း အပေါ် အလေးထားတတ်ဆုံး'' သူအဖြစ် မမကမှတ်တမ်းဝင်တယ်
အစ်ကို မောင် ယောင်းမ ပတ်သတ်သမျှသူတိုင်းကို သူအလေးထားတယ်... ကျနော်တို့  သူဆီကသင်ယူခဲ့ရတာပါ
အဖေ အမေကအစပေါ့...

'်ထက်တဲ့ မိန်းမတွေဟာ သဝန်ကြောင်တတ်တဲ့ ယောကျာ်းနဲ့  ပေါင်းဖက်လို့ မရဘူး''တဲ့...
ဒါဟာ အားနည်းချက်လည်း ဖြစ်သလို အားသာချက်လည်းဖြစ်မှာပါ...

''မမ'' ရယ် ပျော့ညံ့လိုက်ပါလို့  ကျနော်တို့  မတိုက်တွန်းရက်ခဲ့ဘူး
သူ့ ဆုံးဖြတ်ချက်တိုင်းကို မိသားစုက လေးစားလက်ခံပေးခဲ့တယ်
သူ့ ခြေထောက်ပေါ်သူရပ်ရုံသာမက တပါးသူကိုပါထမ်းပိုးထားတဲ့အထိ တာဝန်ယူလိုစိတ်ကကြီးတယ်
ဒီလိုအစ်မအတွက် ကျနော် ဂုဏ်ယူမိတာတန်ပါတယ်...

မိန်းမကို အားနွဲ့ သူလို့ မမြင်အောင် သူနေပြတယ်... မိန်းမတွေကိုလေးစားတတ်အောင် သူသင်ပေးတယ်...
ဖေဖေက အစပြုခဲ့တဲ့ မိသားစုစကားဝိုင်းဟာ
ကျနော့်ဘဝဒဿ နတွေအတွက် အားဆေးတွေချည်းပဲ...

အငယ်ဆုံးမို့  အထိုက်အလျောက် လောင်းရိပ်မိခဲ့တယ်ဆိုပေမယ့် ဒီလိုအစ်ကိုအစ်မတွေကြားမှာ ရှင်သန်ကြီးထွားခွင့်ရခဲ့တာ ကျနော့်ကုသိုလ်ပါ....

တစ်ရက် ကျနော့်ချစ်သူရဲ့ ညီမလေးက
သူ့ အစ်မ(ကျနော့်ချစ်သူ)ကို
''နင်နဲ့  ငါနဲ့ ''ပြောတယ်...
ကျနော်ခပ်အေးအေး
မေးခွန်းထုတ်လိုက်တယ်
''ညီမလေး မမ ကို ဘယ်အရွယ်ကစပြီး နင်နဲ့ ငါနဲ့  ပြောတာလဲ''လို့ ဆိုတော့ သူအားနာသွားပုံရတယ်...

ဟုတ်တယ် မောင်နှမချင်း ''နင်နဲ့ ငါနဲ့ ''
စပြောတဲ့ ပထမဆုံးရက်ဆိုတာ ရှိတယ် ဘာကြောင့်ပြောမိလဲ ဆိုတာ သတိမထားမိပဲ စသုံးစွဲရာက
နှုတ်ကျိုးသွားတတ်တာလေ
စကားစတတ်ချိန်မှာတော့ ''မမ''လို့  ခေါ်မှာပါပဲ... အရွယ်တစ်ခု အရောက်မှာ စပြောတာ...

ဘာလို့ လဲ ...
ဂါရဝ နည်းသွားလို့ 
အငယ်တွေချည်းမှားတာပါလို့  မစွပ်စွဲလိုဘူး... ဒါအကြီးဖြစ်သူရဲ့ အနေအထိုင်နဲ့ လည်း ဆိုင်တယ်
အငယ်တွေကို ပြိုင်ဘက်လို သဘောထားပြီး အခွင့်အရေး လိုက်လုနေမယ်ဆိုရင် အငယ်က ဘယ်လေးစားပါ့မလဲ....

ချစ်သူကို အကြံပေးခဲ့တယ်

အစ်မတစ်ယောက်ရဲ့ ဂုဏ်ကို လေးစားတတ်ဖို့ ...
အစ်မတစ်ယောက်ရဲ့ ညှာတာမှု *အငယ်တွေအပေါ် ဦးစားပေးသင့်မှု ကို ပြောပြဖြစ်တယ်... ဒါမှကိုယ့်ကို ရိုသေမှာ ဒါမှဆုံးမစကားဆိုခွင့်ရှိမှာ
ဒါမှသာ စီမံညွှန်ကြားခွင့်ရှိမှာ...
စာလိုပြောရရင် ဒါဟာ ''leadership''ပဲ ... ခေါင်းဆောင်မှုပဲ

သူ့ ညီမလေးက နာယူလွယ်ပါတယ်
ကျနော် မေးတဲ့အချိန်ကစပြီး ခုနောက်ပိုင်း
''မမ နဲ့ သမီး''ဆိုတဲ့ နာမ်စားကိုပြောင်းသုံးတယ်
ကျေနပ်ရပါတယ်...
ချစ်သူကလည်း အငယ်တွေအပေါ် ညှာတာတတ်လာတယ်...
အငယ်တွေကလည်း အစ်မဖြစ်သူကို လေးစားမှုပြလာတယ်...

မောင်နှမဆိုတာ သူငယ်ချင်းထက်ကို ပိုပါတယ်...
မောင်နှမချင်း လေးစားချစ်ခင်တတ်ဖို့  က မိဘတွေနဲ့ လည်း ဆိုင်ပြန်ရော
အစ်ကိုအစ်မတွေရဲ့ မကောင်းကြောင်းကို အငယ်တွေရှေ့  မှာ မပြောသင့်ဘူး မဆူသင့်ဘူး မိဘက အစ်ကိုအစ်မကို ဆူတဲ့အခါ အငယ်တွေ Respectကျ ဆင်းတတ်တယ်
ဘာကြောင့်လဲ အငယ်တွေဟာ မိဘလောင်းရိပ်အတွင်းမှာ ရှိနေဆဲမို့  မိဘသဘောနဲ့  ဆန့် ကျင်သူကို ရန်သူလို့  မြင်တတ်တာမျိုးပေါ့...

မေမေက မမကိုဆူရင် မမ မကောင်းဘူးလို့ 
ကျနော် မြင်ခဲ့ဖူးတယ်.. အစ်ကိုကြီးအဖရာ အစ်မကြီးအမိရာ ဆိုတာ အပိုစကားတွေမှ မဟုတ်တာ... ဒါကြောင့် အစ်ကို အစ်မတွေကို လေးစားတတ်ဖို့ ဆိုရင် မိဘတွေက အစ ဆင်ခြင်သင့်တယ်...

ကျနော်တစ်ခါ ဆွေးနွေးဖူးတယ်
**မိခင်တချို့ ဟာ ဖခင်ရဲ့မကောင်း ကြောင်းကို သားသမီးတွေထံ မှာ ရင်ဖွင့်လေ့ရှိကြတယ်
လင်ယောက်ျားအပေါ် စိတ်ကွက်မိတဲ့ခဏတာမှာ စိတ်ထွက်ပေါက်အဖြစ် ပြောလိုက်ပေမယ့် ရလာတဲ့ ရလဒ်ဟာ သားသမီးတွေက ဖခင်အပေါ် အထင်သေးသွားခြင်းပဲ

ယဉ်ကျေးတဲ့လူအဖွဲ့ အစည်း နားလည်မှုရှိတဲ့ လူအဖွဲ့ အစည်း ဖြစ်ဖို့  အတွက် ပထမဆုံးသင်ကြားပေးတာ မိသားစုကျောင်းလေးကပါ...

မရိုင်းဖို့ မဆဲဖို့  ကြီးသူကို ဂါရဝါထားတတ်ဖို့  မိမိကိုယ်ကို နိဝါတတရားနဲ့  နှိမ့်ချတတ်ဖို့ ဟာ မိသားစုက သင်ပေးရမှာ...

အသက် ၂၆ရက်ပဲကြီးတဲ့ အစ်ကိုတစ်ဝမ်းကွဲကို အခုချိန်အထိ အစ်ကိုလို့  ခေါ်နေဆဲပဲ...
အတန်းတူတူ ဆယ်တန်းတူတူအောင်တာတောင် အစ်ကိုတစ်ယောက်လိုပဲ ကျနော် သတ်မှတ်ထားတယ်
ဝမ်းကွဲမောင်နှမတွေကြားမှာ
အကြီးနဲ့ အငယ်ကြား မင်းငါတွေ သုံးတာမြင်ရရင် စိတ်မကောင်းဖြစ်မိတယ်...
accထဲမှာလည်း အဒေါ်တွေရှိတယ်
ဒါအတင်းပြောတာမဟုတ်ဘူး

မာမီအုန်းတို့  အန်တီကြူ တို့  ဒီစာကို ဖတ်မိရင် ဝမ်းကွဲမောင်နှမတွေကြားက ဆက်ဆံရေးကု နည်းနည်းလောက် သတိထားပေးပါ...
သားက စလို့  ၂၆ရက်ပဲကြီးတဲ့ ကိုသူရကို အခုထိ အစ်ကိုခေါ်နေဆဲ
''သူ့ အတန်းတူတွေကတောင် ကိုသူရကို အစ်ကိုခေါ်တဲ့သားကို မောင်လေး ညီလေးလို့  လာခေါ်ကြ တယ်လေ''

ဒီစာရဲ့ရည်ရွယ်ချက်ဟာ
ဆွေမျိုးသားချင်းကြားမှာ ရှိသင့်တဲ့
ဂါရဝကိုထားရှိဖို့  ရည်ရွယ်ပြီး ရေးတဲ့စာပါ
image
Writer by@gold-mm

5 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: