4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကူညီပါရစေ

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

အခုတလော အလုပ်မှာ တခြားသူတွေက ခွင့်တွေ ရှင်းနေကြတော့ အလုပ်ထဲမှာ လုံးဝကို အားချိန် မရှိတာနဲ့ လုံးဝကို Steemit နဲ့ အဆက်အသွယ်ကို ပျက်နေတယ်။ ကို ဟဲရီ ပြောဘူးတယ်။ Steemit မှာတဲ့ ၀င်လာတဲ့ လူသစ်တွေဟာ အစက ပို့စ်တွေအရမ်းတင်ဖြစ်တယ် နောက် တဖြည်းဖြည်း နဲ့ နည်းနည်းလာတတ်တယ်။ အချို့က အစမှာ ပို့စ်တွေ အရမ်းကောင်းကြတယ် နောက် ရေးတာတွေ ကျသွားကြတယ်တဲ့။ ကိုယ်လည်း အဲ့ဒီလိုမဖြစ်အောင် လုပ်မယ်လို့ အားခဲထားပေမဲ့လည်း မအားတဲ့ အချိန်ကျ လုံးဝကို လှည့်ကို မကြည့်နိုင်တာ။ ရေးချင်တာတွေကတော့ စိတ်ထဲတေးတေး ထားရတာများနေပြီ။ ဒါပေမဲ့လည်း steemit က ရေရှည်သွားရမဲ့ အလုပ်ဆိုတော့ ၁ပတ် ၁ခါ အနည်းဆုံး တင်နိုင်အောင်တော့ ကြိုးစားရမှာဘဲ။ ရေးပြီး တင်ရင်လည်း ဖတ်တဲ့သူ တခုခု ရပါစေတော့ဆိုပြီး ရည်ရွယ်ထားတော့ တခါခါ ပို့စ်တွေရေးပြီး ဘာမှ မရဘူးထင်တဲ့ဟာဆို တန်းလန်းကြီး မရေးဘဲထား ဖြစ်နေမိတယ်။ အဲ့တော့ ရေးပြီး မတင်ဖြစ်တာ ဖြစ်နေမိတယ်။ နောက်တခါ ဒီလကုန်လောက် မြန်မာပြည် ပြန်အုံးမှာဆိုတော့ ပြန်သွားရင်လည်း steemit ပေါ် တတ်ဖြစ်မှာ မဟုတ် လောက်တော့ဘူး။ အဲတော့ ဒီရက်တွေမှာ အတတ်နိုင်ဆုံး ကြိုးစားတင်ပါ့မယ်။

copkid1.png

ကျွန်တော်တို့ အခန်းရဲ့ ဘေးမှာ မလေးကလာတဲ့ တရုပ် လင်မယား နှစ်ယောက်ရှိတယ်။ သူတို့မှာ ကျွန်တော့် သမီးထက် ၂နှစ်လောက် ကြီးတဲ့ သမီးတယောက် ရှိတယ်။ သူတို့တွေ သူတို့ကလေးကို ဆုံးမတာ သိပ်မဟုတ် သလိုဘဲ။ တချိန်လုံးကလေးကို လိုက်ပြော နေတတ်ကြတယ်။ ထားလိုက်ပါတော့ သူတို့ကလေး ဆုံးမတာ ကိုယ်ဝင်ပြောလို့မှ မရတာ။ ပြောချင်တဲ့ အကြောင်းအရာက 'ကူညီပါရစေ'လို့ ပြောတဲ့ ရဲ အကြောင်းပါ။ အဲဒီ အိမ်ဘေးက ကောင်မလေးက တခါတခါ အိမ်ကိုလာပြီး သမီးနဲ့ ဆော့တတ်တယ်။ ကလေးသဘာဝ ကလေးချင်းတွေ့လို့ဆော့ပြီးရင် သူ့အိမ်က ခေါ်ရင် မပြန်ချင်ဘူး။ ဆော့ချင်သေးတာပေါ့။ သူ့အမေ ဘယ်လို ခေါ်ခေါ် မရဘူး။ အဲ့တော့ သူ့အမေက ကလေးကို ခြောက်ထားတယ်။ ကျွန်တော်က ရဲ ကပေါ့။ အိမ် မပြန်ရင် ဖမ်းခေါ် သွားမယ်ပေါ့။ အဲလို ခြောက်ထားပြီး ကလေးကို ခေါ်ရတယ်။ ကလေးကလည်း ရဲဆို ကြောက်နေတဲ့ ပုံဘဲ။ ဘယ်လို ခြောက်ထားလဲတော့ မသိဘူး။ ကျွန်တော်တို့ ဆီမှာလည်း ကလေးတွေကို 'စစ်သားကြီးလာပြီ။ ရဲသားကြီး လာနေပြီ။' စသဖြင့် ခြောက်တတ်ကြတယ်။ တခြား ကုလားကြီး လာနေပြီတို့၊ ဒေဝေါကြီးလာနေပြီတို့ ခြောက်တာက ကိစ္စမရှိပေမဲ့ ရဲသားကြီး လာနေပြီတို့နဲ့ ခြောက်တာ ပြောစရာ ရှိလာတယ်။ ဒါကြောင့် ဒီအကြောင်း ရေးလိုက်တာပါ။

IMG_2471.jpg

ဘာဖြစ်လို့လဲဆိုတော့ ဟိုနေ့က သမီးဖတ်ဖို့ စာအုပ်တစ်အုပ် Library ကနေ ငှားလာတယ်။ Police Officer ဆိုတဲ့ စာအုပ်လေးပေါ့။ အဲဒီကလေး စာအုပ်လေးက ရဲသားတယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှု့တွေကို ကလေးတွေ စိတ်ဝင်စားအောင် ဖော်ပြထားတယ်။ တနေ့ အဲဒီ စာအုပ်ထဲက ရဲသားကြီးက ပွဲတခု လုံခြုံရေးအတွက် တာဝန်ကျတယ်ပေါ့။ လုံခြုံရေးအတွက် ပွဲခင်းထဲ ကင်းလှည့်နေတုန်း တနေရာမှာ ကလေးတယောက်က သူ့လက်ကို လာတို့တယ်။ ပြီးတော့ သူဟာ ပွဲခင်းထဲမှာ သူ့အမေတို့နဲ့ ကွဲပြီး လူပျောက်သွားတဲ့ အကြောင်း ပြောပြတယ်။ ကလေးကို နာမည်နဲ့ သူ့အဖေ ဖုန်းနံပါတ်မေးတော့ ကလေးက သူ့နာမည်နဲ့ သူ့အဖေ ဖုံးနံပါတ်ကို ပြောပြပြီး သူ့မိဘတွေကို ရှာပေးဖို့ ရဲကို အကူအညီတောင်းတယ်။ အဲဒါနဲ့ သူ့အဖေဆီ ဖုန်းဆက်ပေးတယ် ဒါပေမဲ့လည်း ဖုန်းဆက်လို့မရဘူးပေါ့။ အဲဒါနဲ့ ဒီရဲသားကြီးတွေက ကလေးကို သူ့မိဘတွေနဲ့ တွေ့အောင် လိုက်ရှာပေးပြီး နောက်ဆုံးမှာ တွေ့သွားတဲ့ အကြောင်းလေးကို စာအုပ်လေးက ဖော်ပြပေးတယ်။ အဓိက ရည်ရွယ်ချက်က ကလေးတွေကို ရဲသားကြီးတွေဆိုတာ အကူအညီလိုရင် ယုံယုံကြည်ကြည်နဲ့ တောင်းခံဖို့ ကလေးတွေကို ပညာပေးထားတာပေါ့။ နောက် ရဲသားကြီးရဲ့ ၀တ်စုံ သူကိုင်ထားတယ် ပစ္စည်းတွေအကြောင်းပေါ့ စသဖြင့် စာအုပ်လေးက မိတ်ဆက်ပေးထားတယ်။

အဲဒီစာအုပ်လေးကို သမီးကို ဖတ်ပြပြီး အဲဒီကနေ ကျွန်တော်လည်း အသိတခုရတယ်။ ကိုယ့်သားသမီးတွေကို ဒီလို ရဲတို့ ဘာတို့နဲ့ မခြောက်လှန့်ဖို့။ သူတို့နဲ့ ရင်းနှီးနေတတ်ပြီး အကူအညီရှိရင် ယုံယုံကြည်ကြည် တောင်းခံနိုင်အောင် သင်ပေးထားဖို့ပညာရသွားတယ်။ အဲဒါကြောင့် တနေရာကို သမီးနဲ့သွားလို့ ရဲတွေ စစ်သားတွေ ကင်းလှည့်နေတာ တွေ့ရင် 'Hello'တို့ 'Hi'တို့ စသဖြင့် နှုတ်ဆက်ခိုင်းတယ်။ မူကြိုကျောင်းမှာ တခါတလေ ဒီလို ရဲဝတ်စုံနဲ့ ရဲသားကြီးတွေ မူကြိုကလေးတွေနဲ့ သူတို့ အကြောင်း၊ သူတို့ ကိုင်တဲ့ ပစ္စည်းတွေအကြောင်း ပြောရင်းကလေးတွေကို မကြောက်အောင်၊ ရင်းနှီးအောင် လုပ်တတ်ပေးကြတယ်။ ဒါမှလည်း ကလေးတွေ ဟာသူတို့အခက်အခဲတွေ့ရင် ဒီလို ဥပဒေဘက်တော်သားတွေကို လိုအပ်တဲ့ အကူအညီ ယုံယုံကြည်ကြည် တောင်းခံ ရဲ ကြမှာ ဖြစ်တယ်။

Police-games-for-kids.jpg

ှမြန်မာပြည်မှာပြောကြတယ် 'မင်းတို့ ငိုစားရည်စားတွေနဲ့ မပတ်သပ်နဲ့။ ငါတို့ ဒီကောင်တွေက ဘာမှ အားကိုးလို့မရပါဘူးကွာ' စသဖြင့် သူတို့ကို မှိုချိုး မျှစ်ချိုး ပြောတတ်ကြတယ်။ မလုပ်ကြပါနဲ့။ တချိန် တကယ် ကိုယ်အတွက် သူတို့ရဲ့ အကူအညီ အမှန်တကယ် လိုအပ်မှုတွေ မဖြစ်ဘူးလို့ မပြောနိုင်သလို။ နောက် အားလုံးဟာ ဒီလို ပုံစံတွေဘဲ ဆိုပြီး ဝါးလုံးသိမ်း မရိုက်စေချင်ဘူး။ အခုလက်ရှိမှာကို တကယ်အားကိုးရတဲ့ သူတွေလည်း ရှိပါတယ်။ မိမိ အမြင်ဘယ်လိုဘဲ ဖြစ်ခဲ့ပါစေ။ နောက်တချိန် ဒီဥပဒဘက်တော်သား မျိုးဆက်ဟာလည်း အခြေအနေ အရ ပြောင်းလဲသွားသလို မိမိမျိုးဆက်ဟာလည်း အသစ် ပြောင်းလဲသွားမှာဘဲ။ အဲတော့ မိမိတုန်းက ဖြစ်ခဲသလို အားကိုးလို့မရဘူးဆိုတဲ့ လှေနံဒါးခြစ် အတွေးတွေ ဘေးဖယ်ပြီး ကိုယ်အတွေးအမြင်တွေကို စွန့်လွှတ်ပြီး ကိုယ့်မျိုးဆက်ကိုတော့ အသစ်သော အတွေးအမြင်တွေကို ချပေးခဲ့စေချင်ပါတယ်။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

15 upvotes $0.35

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: