4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နဂါး ဥပုသ်။

ဝါဆိုလကွယ်က ဥပုသ်စောင့်သည်။ ထိုဥပုသ်မှာ
ကျမ အမေအတွက် ရည်စူးကာ ဘုန်းကြီးကျောင်းကို
ဆွမ်းချိုင့်ပို့သည်။ ဆွမ်းဟင်းများက ကျမအကြိုက်
ပုစွန်ထုပ်ကြီး ဆီပြန်ဟင်း၊ ငါးကြော်ချက်၊
သီးစုံချဥ်ရည်၊ ပုစွန်ခြောက်ချက်နှင့် ပဲနှပ်ကို
ချိုင့်အတွင်းထည့်၍ကာ ဘုန်းကြီးကျောင်းသို့
လှူဒါန်းခဲ့သည်။ ဘုန်းကြီးကျောင်းမှာ သီလယူပြီး
အိမ်ပြန်ရန်ပြင်သည်။ ဘုန်းကြီးကျောင်းက သီလယူသူများကို
ထမင်းကုသိုလ်ပြုကျွေးမွေးသည်။

ဘုန်းကြီးကျောင်းမှာ ထမင်းစားမည်လုပ်သည့်အခါ
ထမင်းစားပွဲများက လူပြည့်သွားသည်။ ထိုကြောင့်
နောက်တကြိမ် စားရန် စောင့်ကြရပေမည်။ ထမင်းစားဖို့
စောင့်နေရင်း အိမ်မှ ထမင်းဟင်းများကို သတိရ၍
မစားတော့ဟု ပြောကာ အိမ်ပြန်လာခဲ့သည်။
သတိရ၍ တော်သေး မနက်က ဘုန်းကြီးကျောင်း
ဆွမ်းချိုင့်ပို့သည့် ဟင်းများကျန်နေသေးသည်။
ပုစွန်ထုပ်ကြီးဆီပြန်ဟင်းကို မျက်စိထဲမြင်ရောင်ကာ
အိမ်သို့ အမြန်သုတ်ခြေတင်ခဲ့သည်။

အိမ်ရောက်သည့်အခါ ထမင်းစားပွဲ၌ ထိုင်ပြီး
ကိုယ့်အကြိုက်ဟင်းများနဲ့ အဝစားလိုက်သည်။
တော်ပေသေး အိမ်က ဟင်းတွေကို မေ့ပြီး
ဘုန်းကြီးကျောင်းမှာ ထမင်းစားမိတော့မလို့။
အဝစားပြီးသကာလ မျက်လုံးများက ငိုက်မြည်း
လာကာ တရေးအိပ်လိုက်သည်။ ဥပုသ်ကတော့
သေချာပါသည် နဂါးဥပုသ်ဖြစ်ဖို့။ စားလိုက်
အိပ်လိုက်နဲ့ ဥပုသ်တစ်ရက် ကုန်ဆုံးသွားသည်။

ယနေ့ ဝါခေါင်လပြည့်နေ့ဖြစ်သည်။ ဥပုသ်စောင့်
ဖို့ မနက်စောစောထသည်။ ဟိုဟာ ဒီဟာလုပ်ရင်း
အချိန်ကကုန်သွားသည်။ မနက်စာကို ကောင်းစွာ
မချက်လိုက်ရပေ။ မနေ့က ကျန်သော ကြက်သား
ကို ပြန်နွေးထားလိုက်သည်။ ရေမိုးချိုးပြီး
ဥပုသ်စောင့်ရန် ဘုန်းကြီးကျောင်းထွက်ခဲ့သည်။
ဥပုသ်စောင့်သီလယူပြီးသောအခါ ဘုန်းကြီးမှ
သီလယူသူများကို ထမင်းကျွေးသည်။ ကြက်သပြွန်း၊
ငရုပ်သီးကြော်၊ အချဉ်သုပ်များဖြင့် ကျွေးသည်။

ဒီတခါ ဘုန်းကြီးကျောင်းမှ ကျွေးသည်ကို စားရပေမည်။
အိမ်မှာက ကြက်သားကြော်တမျိုးတည်းဖြင့်စားရမည်။
ဒီတခါ ဟိုတခါလို မဖြစ်ဖို့ ထမင်းဝိုင်းနေရာ ရအောင်
ဦးစွာနေရာယူထားလိုက်သည်။ ဘုန်းကြီးကျောင်းမှ
ကျွေးသော ကြက်သားပြွန်းက စားကောင်းလှသည်။
ငရုပ်သီးကြော်မှ ကြက်သွန်ကြော်များလည်း
ကြွပ်ရွ၍ စားကောင်းလှပေသည်။ အိမ်ရောက်သည့်
အခါ ခေါင်းအုံးလေး အသာချ၍ နဂါးဥပုသ်စောင့်
လိုက်ပါအုံးမည်။ အော် ကောင်းလေးစွ။

@htwegyi
August 29, 2026

60 upvotes $0.25

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: