4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ငပွကြီး တဖြစ်လည်း

အတော်ဆိုးတဲ့ အမျိုးသမီး။ သူမက ရင်ဖွင့်သဖြင့်
ကိုယ်က နားထောင်ပေးခဲ့သည်။ သူမနှင့် သူ့ညီမအကြောင်း
ပြောလာသည်။ အိမ်စရိတ်ကို သူမကသာ
ငွေစိုက်ထုတ် သုံးစွဲရသည်။ သူမ၏ ညီမက အနည်းငယ်မျှ
မစိုက်ထုတ်ကြောင်း စသဖြင့် ပြောဆိုလာတတ်သည်။
ဒီတော့ ကိုယ်တွေလည်း သူမ စိတ်ပြေရာ ပြေကြောင်း
နားထောင်ပြီး နှစ်သိမ့်စကားပြောရသည်။

သူမက အပျိုကြီးမို့ အိမ်မှုကိစ္စ သန့်ရှင်းရေးများကို
တာဝန်ယူသည်။ အချက်အပြုတ်ကို သူမ၏ ညီမက
တာဝန်ယူသည်။ ညီအမနှစ်ယောက်ထဲရှိသမို့
ခြိုးချန်ချွေတာစားကြရန် သူညီမကို ပြောသည်။
ညီမဖြစ်သူက အနည်းငယ်ကို မချက်တတ်ဟု
ပြောသည်။ ချက်ပြုတ်သည်များမှ ပိုသည်များကို
အိမ်နီးချင်းများကို ဝေပေးသည်။ ထိုသို့ နေ့စဉ်
ဟင်းများပိုသဖြင့် အမက ညီမဖြစ်သူကို ပြောမရ
သဖြင့် ကျွန်တော့်ထံ ဖုန်းဆက်၍ ပြောလာတတ်သည်။

ဒီတော့ ကျွန်တော်က ပြောမိသည်။ ညည်းညီမက
သူငွေမဟုတ်တော့ နည်းနည်းမချက်တတ်ဘူး
ပြောမှာပေါ့။ သူငွေဆိုပါမူ နည်းနည်းချက်တတ်
သွားမှာပေါ့ဟု ပြောလိုက်မိသည်။ တဖန် ညီအမ
နှစ်ဦးက ငွေတိုးကို မသိမသာ ချေးငှားထားကြသည်။
တနေ့မှာ အမဖြစ်သူ၏ အသိမိတ်‌ဆွေတဦးက ငွေချေး
လာသည်။ အမဖြစ်သူထံ အတိုးများများပေးပါမည်
တလအတွင်း အပြီးပြန်ဆပ်ပါမည်ဟု ပြောသည်။

ဒီတော့ လောဘသားတို့ ထုံးစံအတိုင်း ညီအမနှစ်ဦးက
ငွေချေးလိုက်သည်။ ထိုသို့ ငွေချေးရာတွင် အမဖြစ်သူ၏
ငွေက များသည်။ ထိုချေးလိုက်သည့်ငွေက
တလအတွင်း အရင်းရော အတိုးပါ ဆပ်သွားသည်။
နောက်ရက်မကြာမီမှာ ထိုသူကပင် ငွေထပ်မံ ချေး
လာပြန်သည်။ ဒီတခါမှာတော့ ညီမဖြစ်သူမှာ
ချေးရန် ငွေမရှိပေ။ ငွေဆိုသည်က သည်းခြေကြိုက်
သမို့ လောဘဖြစ်သူ ညီမက အမ ကိုပြောသည်။
ညည်းမှာရှိတဲ့ငွေ ငါ့ကိုပေး ငါ့ငွေအဖြစ် ချေးလိုက်မယ်။
ညည်းကို အတိုး ဘယ်လောက်ပေးမယ်ဟု ပြောသည်။

ထိုသို့ ညီမ၏ အပြောကို အမဖြစ်သူက လွယ်လွယ်နှင့်
အေးအေး ဟုပြောခဲ့သည်။ နေ့လယ်ခင်းမှာ အေးအေး
ဟု အမဖြစ်သူက ပြောပြီး ညနေမှာ အတွေးပေါက်ပြီး
ညီမကို ငွေ ပေးမချေးတော့ပေ။ အမဖြစ်သူ၏ အတွေးမှာ
ငါ့အသိ၊ ငါ့မိတ်ဆွေက ငါ့ဆီကိုလာပြီး ငွေချေးတာ။
နောက်ပြီး ချေးမယ့်ငွေက ငါ့ငွေ။ ဒါကို ငါ့ဆီက
ငွေယူပြီး သူက ငါ့မိတ်ဆွေကို ချေးမယ်။ ပြီးတော့
သူပေးသလောက် အတိုးကို ငါကယူရမယ် မဟုတ်သေးပါဘူး။
စသဖြင့် အမဖြစ်သူက တွေးတောပြီး စိတ်ကူးပေါက်ကာ
ကျွန်တော်ထံ ထိုအ ကြောင်းကို ဖုန်းဆက်ပြောလာသည်။

သူမဖုန်းဆက်ပြောသည့်အခါ ကျွန်တော်လည်း
သူမအကြိုက် ပြောမိသည်။ အေး ကိုယ့်ငွေနဲ့ ကိုယ့်အသိကို
ချေးတာ ကိုယ်ဖာသာ ချေးမှာပေါ့။ ဘယ်နဲ့ ညည်း ညီမက
ကြားကနေ ပွဲစားဝင်လုပ်နေတာလဲ။ အိမ်စရိတ်
လေး ဘာလေးကို မျှခံတယ်ဆို ‌ချေးပေးခိုင်းရသေး။
ခုတော့ ညီမက လူလည်းလုပ်တယ်ထင်ပါ့။ စသဖြင့်
ကိုယ်တွေက ဆရာကြီးလုပ်ပြီး ပြောမိသည်။

ကျွန်တော်နဲ့ ဖုန်းပြောပြီး သူ့ညီမကို ငွေချေး မပေးနိုင်ကြောင်း ပြောသည်။ ဒီတော့ ညီမဖြစ်သူက ညည်း
ကိုထွေးနဲ့ ဖုန်းပြောပြီးမှ မချေးတာမဟုတ်လား။
ဘာ ညာ ဆိုပြီး ညီမနှစ်ဦး စကားနိုင်လုပြောကြသည်။
ကြားထဲက ကိုယ်တွေမှာ သူရို့ကိစ္စထဲ ဝင်ပါမိလေ
တော့သည်။ နောက်ပိုင်းမှာတော့ ညီအမ ပြေလည်
သွားသည်ဟု ပြောလာပြန်သည်။ သူရို့ ညီအမ
ပြေလည်သွားပေသိ။ ကိုယ်တွေက ကြားထဲမှာ
ငပွကြီးဖြစ်လိုက်ရပေတော့သည်။

@htwegyi
August 27, 2026

40 upvotes $0.23

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: