Community post
ဖန်တစ်ရာတေ အတွေးများ
ဖန်တစ်ရာတေနေတဲ့ စကားလုံးတွေနဲ့
မနက်ဖြန်အကြောင်း မပြောချင်တော့ဘူး ...
ကိုယ်တိုင်စိုက်ပျိုးပြီးမှ
တစ်ပါးသူလက် 'ဝ'ကပ်အပ်နေရတဲ့အဖြစ်...
မနေ့ကအထိ ကိုယ့်ခြံရှေ့ သူတို့ရှိနေဆဲပေါ့
သူခိုးရန်ဘေး၊ လုံခြုံရေးလို့ပြောရအောင်ကလည်း
ကိုယ့်ဆီရှိတဲ့ပစ္စည်း သူတို့မှမယူရင်ယူမယ့်သူမရှိ ...
အနန္တမေတ္တာနဲ့ ငါ့အိမ်ဘေး
ငါ့ခြံဘေး ၊ ငါ့လယ်ဘေးက
အဝေးပြေး ပြေးပေးကြပါ ...
ဒီပြောင်းတစ်ခင်းက အရင်းအနှီးဆိုတာထက်
ငါတို့ဘဝ အသက်ဆက်ရမယ့် မနက်ဖြန်များစွာပါ ...
ဖန်တစ်ရာတေနေတဲ့ အငြိုးတွေနဲ့
ငါမမုန်းချင်တော့ဘူး ...
လူ့စည်း ဘီလူးစည်း၊ ဒီအနီးအနားမှ
မလိုတမာများ လွင့်ဝေးဖယ်ခွာကြပါစေသား ...
အနာဂတ်က အနာဖေးတက်နေပြီမို့
မနက်ဖြန်များစွာ ဖေးကူသူမရှိ
ဟို ...... အဝေးကိုငေးကြည့်တော့လည်း
သူလိုလူက ငါလိုလူကို ကူညီတောင်း
ရောင်းရင်းအချင်းချင်း ငတ်ရင်းပြတ်ရင်း
ဒီခရီး မဆုံးသေးသ၍
ဆက်ရွေ့နေရအုံးမှာပေါ့ ...
စိုင်းအယ်ပြည့်

Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.