4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မြန်မယ idol နှင့် ကျနော်

မြန်မာအိုင်ဒေါကား မြိုင်မြိုင်ဆိုင်ဆိုင် ဆူဆူပူပူဖြင့်ပင် ပြီးဆုံးသွားခဲ့လေပြီ ။ မြန်မာပရိတ်သတ်များအနေဖြင့်မူကား မြန်မာတွေ ထုံးစံအတိုင်း ခုနှစ်ရက် တပတ်တော့ဖြင့် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြအုံးမည် မှာ အမှန်ပင်ဖြစ်သည်။ ပြီးတော့လဲသွေးအေးသွားမည်သာ။
လေးစားဖို့ ကောင်းသည်ကား အနှီ မြန်မာပရိတ်သတ်များပင်ဖြစ်သည်။

မြန်မာပရိတ်သတ်များ အားပေးကြမ်းပုံးကား လူတကာအောချရလောက်ပေသည်။ မြန်မာတို့ ထုံးစံအရ ဒေသ အစွဲရှိသည်။ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ပြည်နယ် နဲ့တိုင်းမှ ပြိုင်ပွဲဝင်ရှိလျှင် ကောင်းသည်မကောင်းသည် တော်သည် မတော်သည် နောက်ထား ။ ကိုယ့်ဒေသကိုလူကို အားပေးဖို့ ပထမဆုံး ဆုံးဖြတ်လေ့ရှိကြသည်။ မိသားစုစိတ်ဓါတ် ကြောင့်ဟု ပြောလျှင်မှန်မည် ထင်သည်။ တော်သည် အရည်အချင်းရှိသူဆိုလျင်ဖြင့် တဆွေမျိုးလုံးဝန်းရံကြတော့သည်။ ပိုအားပေးကြသည်ပေါ့။

နောက်တချက်မှာ မြန်မာတို့၏ စိတ်နှလုံး ခံစားမှုကား နူးညံ့လွန်းလှသည်ထင်၏။ အမျိုးသားရေး စိတ်ဓါတ်လဲပြည့်ဝကြသည်။ ဒေသန္တရ အစွဲလဲရှိသည်။ ထိုသို့ စိတ်နှလုံး နူးညံ့မှု ခံစားတတ်လွယ်မှု သွေးဆူလွယ်မှု အစွဲရှိမှုတို့ကို အကောင်းဆုံး အသုံးချသွားနိုင်သူများမှာ ခေတ်အဆက်ဆက် စီးပွါးရေးသမားများနှင့် နိုင်ငံရေးသမားများဖြစ်သည်။

ဇာတ်နာအောင်ဖန်တီးရသည်မှာ အလွယ်ကလေးဖြစ်သည်။ ဇာတ်နာပါများလျှင် မြန်မာပရိတ်သတ်၏ ခံစားလွယ်မှုကြောင့် သနားစိတ်တွေဝင်လာမည်။ ဇာတ်နာလေလေ ပရိတ်သတ်ကသနားလေ ဖြစ်သည်။ ယုတ်စွ အဆုံး ပုံမှန်မြန်မာဗီဒီယိုကားများတွင်ပင် ယခုထိ ဤ နည်းလမ်းကို သုံးပြီး တဖြည်းဖြည်း နာမည်ယူ အောင်မြင်အောင်လုပ်ယူနေနိုင်ကြတာ ယခုအချိန်ထိဖြစ်သည်။ တောကြိုက်ဟု ခေါ်ဆိုကြသောနည်းဖြစ်သည်။ မင်းသားကဇာတ်နာလေလေ ပရိတ်သတ် ရင်ထဲရောက်လေလေဖြစ်သည်။ ဆင်းရဲမွဲတေမှုဖြင့် ဇာတ်နာပြသည်။ မြန်မာပရိတ်သတ် မငိုပဲမနေနိုင်။အားမပေးပဲမနေနိုင်။ မပြီးဆုံးနိုင်သေးသည့် ဂျပန်တော်လှန်ရေးကားများဖြင့် ပရိတ်သတ်မေတ္တာကိုယူသည်။ မင်းသားကိုဂျပန်တွေဖမ်း နှိပ်စက်ကလူပြုနေချိန် တော်လှန်ရေးသမားများရောက်လာလျှင် မြန်မာပရိတ်သတ် လက်ခမောင်း ထခတ်စမြဲပင်။

စိတ်ခံစားချက်မြင့်တက်နေချိန်တွင် မြန်မာပရိတ်သတ်ရင်ထဲ ဘာမှ မရှိ။ လက်ခမောင်းခတ်မည်။ အသဲအသန်အားပေးမည်။ ဝိုင်းလက်ခုပ်တီးပေးကြမည်။

ပေါ်ပင်ကိုလိုက်ပြီး စီးပွါးရေးလုပ်နိုင်သည်မှာ ပိုက်ဆံရှိသူများသာ။ နေထက်လင်းနာမည်ကြီးပီလား ။ နေထက်လင်းနဲ့ပွဲထုတ်မည်။ သားငယ်နာမည်ကြီးပြီလား သားငယ်နဲ့စီးပွါးရေးလုပ်မည်။ မအေးသောင်းလား ဇာဏ်ခီလား။အောင်လအန်ဆန်းလား။ စီးပွါးရေးသမားများက ပေါ်ပင်ကို ချက်ချင်းအသုံးချနိုင်သည်။
မြန်မာပရိတ်သတ်မှာမူကား။

အိမ်မှာ စားဖို့ဆန် ရှိသည် မရှိသည်ကအဓိကမဟုတ်တော့။ ထမင်းချက်စားမည့်ဆန်နှင့် ရုံဝင်ခလဲပြီး အားပေးဖို့သာ စိတ်ထဲရှိတတ်ကြသည်။ ပွဲပြီးလျင်တော့ တပတ်လောက်ပြောကြအုံးမည်။

ထူးဆန်းသည်ကား မြန်မာပရိတ်သည် ဇာတ်ကားစသည်နှင့် အဆုံးသတ်ကို ခန့်မှန်းနိုင်ကြသည်။ သို့သော် ဇာတ်လမ်းဘယ်လိုသိမ်းမည်ဆိုတာ သိသိကြီးနှင့် မျက်စိစုံမှိတ် ခံစားချက်များအပြည့်ဖြင့် ခံစားတတ်ကြခြင်းသည် ထုံးစံပင်ဖြစ်နေပြန်သည်။
တပတ်လောက်ကြာလျင်တော့ တဖန်မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြတာလဲ မြန်မာတို့ ထုံးစံပင်ဖြစ်သည်။

ယမန်နေ့ညက မြန်မာအိုင်ဒေါ S-3 သီချင်းဆိုပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြန်လေပြီ။ ပွဲအစကတည်းက ခန့်မှန်းထားသည့်အတိုင်း ခန့်မှန်းထားသည့်သူ ဆုရသည်။ ရည်မှန်းထားသည့်အတိုင်း ဘုရားထီးတင်နိုင်တော့မည်။ သာဓုခေါ်ဖို့ကောင်းပေစွ။ မြန်မာတပြည်လုံးကအားပေးသူများ၏ စုပေါင်းအလှူဟု အမည်တပ်လျင်ရမည်လား မရမည်လား မပြောတတ်။ ၄င်း၏ မြို့နယ် ခရိုင် တိုင်းမှ အားပေးသူများ လက်ခမောင်း ခတ်နိုင်ကြလေပြီ။ ပွဲစီစဉ်သူများငွေထုပ်ပိုက်နိုင်ခဲ့ပြီး ဒိုင်များလဲ အနုပညာကြေး ထိုက်တန်စွာ ရရှိကြပေမည်။ ပြိုင်ပွဲဝင်များ နာမည်လဲအသင့်အတင့်ရခဲ့ကြပြီး နှစ်သိမ့်လက်ဆောင်များ ရ ရှိကြလေပြီ။

ပရိတ်သတ်များသည်လဲ တပတ်လောက်တော့ ခံစားကြအုံးမည်။
ကြာရင်တော့ မြန်မာတို့ထုံးစံအတိုင်း ပြန်ဖြစ်မည်မှာ မလွဲ။
သင်္ကြန်နားနီးရင်တော့ အနှီပြိုင်ပွဲဝင်များကို စကိုင်းနက် မဏ္ဍပ်များပေါ်တွင် ပြန်လည်တွေ့ဆုံကြရပေအုံးမည်။ ထိုအချိန်ကျလျင်တော့ သတိတရ ပြန်လည် အားပေးကြအုံးမည် ဖြစ်သည်။

မည်သို့ပင် ဝေဖန်မှုများ ရှိနေစေကာမူ မြန်မာပရိတ်သတ်၏ အညှာကိုသိသော ပွဲစီစဉ်သူများက နောက်တရာသီအတွက် ယခုအချိန်ကတည်းက ကြိုတင်စီစဉ်ထားကြတော့မည်မှာမလွဲ။
ကျနော်တို့ မြန်မာပရိတ်သတ်ကားဟအံ့သြချီးမွန်း သနားဖို့ ကောင်းပေစွ။

                          ![FB_IMG_1534038176268.jpg](https://cdn.steemitimages.com/DQmWbnBLBoAYhEmaBARX3nYYqZkDmaKacGVB9HyZ9foqWJi/FB_IMG_1534038176268.jpg)
43 upvotes $0.01

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: