Community post
အဖြေ...
အခန်း ( ၁ )
ကျွန်မမျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။ မမျှော်လင့်ဘဲမြင်လိုက်ရသော မြင်ကွင်းတစ်ခုက တစ်ဒင်္ဂ တော့ ကျွန်မကို မှင်သက်သွားစေပါသည်။ လူများ၊ကားများ၊ ဆိုက်ကားများ အလွန်ရှုပ်ထွေး စည်ကားလှသော ပုဇွန်တောင်ဈေးမှတ်တိုင်တွင် ကျွန်မတို့ ရုံးဖယ်ရီ ကားပိတ်နေခိုက်ဖြစ်ပါသည် ။ ညနေရုံးဆင်းချိန်ဖြစ်သဖြင့် ပုဇွန်တောင်ဈေးမှတ်တိုင်က ပိုလို့စည်းကားနေသည်။ လမ်းတစ်ဖက် ပလက်ဖောင်းပေါ်မှာ ခုံတွေစီပြီး ခင်းကျင်း ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာ ထိုင်နေကြသော လူတစ်စုကြောင့်ဖြစ်သည်။ စားပွဲတစ်လုံးမှာ ယောကျာ်း နှစ်ယောက် မိန်းမနှစ်ယောက် ရယ်ကာမောကာနဲ့ ရှမ်းခေါက်ဆွဲစားနေကြသည်။ ထိုအထဲမှ ယောကျာ်း တစ်ယောက်က ကျွန်မတို့ဖယ်ရီကို မလုံမလဲလှမ်းကြည့်သည်။ ကျွန်မလည်း သူနဲ့ မျက်လုံးချင်းဆုံမိမည် စိုးသဖြင့် မျက်နှာလွှဲလိုက်မိသည်။ ကျွန်မရင်ထဲမှာ အံ့သြခြင်းနဲ့ မယုံကြည်နိုင်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ကျွန်မ သူ့ကိုအကဲခတ်လိုသဖြင့် သူ့တို့ဆီကို မသိမသာ လှမ်းကြည့်လိုက်သည်။ သူက ရယ်ရယ်မောမောစကားဆိုရင်း ဘေးနားတွင်ကပ်ထိုင်နေသော မိန်းကလေး၏နှုတ်ခမ်းကို တစ်ရှုးစဖြင့် ယုယစွာ သုတ်ပေးနေသည်။ ကျွန်မ ထိုမိန်းကလေးကို သေချာကြည့်မိသည်။ မျက်နှာဝိုင်းလေးနှင့် ချစ်စဖွယ်ကောင်း လှသော မိန်းကလေး တစ်ယောက်ဖြစ်သည်။ ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို သူချစ်တာ ကျွန်မအပြစ်မတင်ပါဘူး ။ ဒါပေမယ့် သူ့ကို ကျွန်မ စာရိတ္တလူဆိုး တစ်ယောက်အဖြစ် သတ်မှတ်လိုက်မိပြီ ။

photo credit - google
အခန်း ( ၂ )
ကျွန်မတို့ရုံးက ခပ်ချောချောအစ်မတစ်ယောက်ကို ညနေရုံးဆင်းချိန်တိုင်း ရုံးပေါက်ဝမှာ သူလာလာစောင့် နေတတ်သည်။ အဲ့ဒီအစ်မထွက်လာတာနဲ့ အပြုံးမျက်နှာနဲ့ဆီးကြိုရင်း လက်ကမ်းပေးတတ်သည်။ နှစ်ယောက် သား လက်ချင်းတွဲပြီး ကြည်ကြည်နူးနူး လမ်းလျှောက်နေကြတဲ့ မြင်ကွင်းဟာ ကျွန်မအဖို့တော့ မကြည့်ဘဲ မနေနိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးမှုဟာ ကျွန်မကိုပါ ကူးစက်လာသလိုပဲ။ သူတို့စုံတွဲ ကို ကြည့်ပြီး အားကျခဲ့ရတာလည်း ခဏခဏပါပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီအစ်မကလည်း ငယ်ငယ်ချောချော ၊ သူကလည်း တည်တည်ဖြောင့်ဖြောင့်နဲ့ နေနဲ့လ၊ရွှေနဲ့မြလို့တင်စားရမလို လိုက်ဖက်လွန်းလှပါတယ်။ သူတို့ နှစ်ယောက်ကိုကြည့်လိုက်ရင် အမြဲလက်တွဲထားပြီး ကြည်နူးနေတာပဲ။ တစ်လောကလုံးက လူတွေထက် သူတို့ ချစ်ခြင်းက ပိုအရေးကြီး လှသလို ၊ နှစ်ယောက်တည်းတစ်ကမ္ဘာ တည်ဆောက်နေကြသလို ကျွန်မထင်မြင် မိပါတယ်။ သူများတွေတော့ ဘယ်လို မြင်သလဲမသိ ၊ ကျွန်မကတော့ သူတို့ကို မြင်ရတာ အရမ်းကြည်နူးတာပဲ။ သူတို့နှစ်ယောက်နဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတဲ့အခါမှာတော့ အမြဲအားမလိုအားမရဖြစ်ခဲ့ရတယ်။
ကျွန်မမှာလည်း ချစ်သူရှိပါတယ်။ ရည်းစားလို့ မသုံးဖြစ်တာက သူပြောဖူးတဲ့ စကားတစ်ခွန်းကြောင့်ပါ။ ရည်းစား ဆိုတဲ့ အသုံးအနှုန်းဟာ ပေါ့ပျက်တယ်။ လေးနက်မှု မရှိဘူးတဲ့။ အဲ့ဒါကြောင့် ချစ်သူတွေလို့ပဲ သုံးနှုန်းကြ မယ်တဲ့လေ။ သူက ကျွန်မအပေါ် တကယ်ကိုတန်ဖိုးထားပြီး လေးလေးနက်နက်ချစ်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် သူက ကျွန်မထက် အသက် ၇ နှစ် ပိုကြီးနေလို့လားမသိ ၊ သူ့အတွေး အခေါ်အယူအဆ တော်တော် များများက ကျွန်မနဲ့ဆန့်ကျင်ဘက်တွေ ဖြစ်ဖြစ်နေတယ်။ ဥပမာပြောရရင် လမ်းလျှောက်တဲ့အခါမျိုးမှာ ကျွန်မက လက်ချင်းတွဲပြီး လမ်းလျှောက်ချင်တယ်။ ဒါပေမယ့် သူက လက်ချင်းတွဲပြီး လမ်းလျှောက်တာကို ကလေး ဆန်တယ်လို့ မြင်တယ်။ ကျွန်မက စုံတွဲအင်္ကျီဆင်တူဝတ်ပြီး လျှောက်လည်ချင်တယ်။ သူက ဆင်တူဝတ်ပြီး လျှောက်လည်ရမှာ ရှက်စရာကောင်းတယ်ဆိုပဲ။ ကျွန်မက လမ်းဘေးဆိုင်က အသုပ်စုံတို့၊ ဝက်သားဒုတ်ထိုး တို့လို စားချင်တဲ့အခါလည်း သူက မစားခိုင်းဘူး။ သူ့အကြောင်းပြချက်က ဝမ်းလျောမှာ စိုးလို့တဲ့လေ။ အချော့ခံ ချင်လို့ စိတ်ကောက်တဲ့အခါ သူကဘယ်တော့မှ မချော့ဘူး။ ကျွန်မက သူ့ကို အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးတဲ့အခါ အလကား ပိုက်ဆံကုန်တယ်ဆိုပြီး အပြစ်တင်တယ်။ ကျွန်မက သူ့နဲ့တူတဲ့ ဝက်ဝံရုပ်လေး လက်ဆောင်ဝယ်ပေးမိတာ သူ့အတွက် အသုံးမလိုဘူးဆိုပြီး သူများကိုပေးပစ်လိုက်တယ်။

photo credit - google
သူ ကျွန်မကို လက်ဆောင်ပြန်ပေးတတ်တဲ့ ပစ္စည်းတွေက ဘုရားစာအုပ်နဲ့ ဗဟုသုတစာအုပ် တွေပါပဲ။ တစ်ခုရှိ တာက ကျွန်မစီးဖို့ ဖိနပ်ကိုတော့ အမြဲဝယ်ပေးတတ်တယ်။ ကျွန်မကလည်း သူဝယ်ပေးတဲ့ ဖိနပ်ကို ပြတ်သွားမှာစိုး လို့ မစီးဘဲသိမ်းထားမိတယ်။ သူသိသွားတဲ့ အခါမျိုးမှာတော့ ဖိနပ်ဆိုတာ စီးဖို့ ၊ အလှကြည့် ထားဖို့ မဟုတ်ဘူးဆိုပြီး ပြောတတ်တယ်။ ကျွန်မက မိန်းကလေးပီပီ နှင်းဆီပန်းစည်း လှလှလေး တစ်စည်း လောက် မက်မက်မောမော လိုချင်ခဲ့ဖူးပါတယ်။ ကျွန်မဘဝမှာ ယောကျာ်းလေးတစ်ယောက်ဆီက နှင်းဆီပန်း လက်ဆောင်ရတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး ဒါပေမယ့် သူက အဲ့ဒီလို စိတ်ကူးမျိုးကို ရယ်စရာ ပြက်လုံး တစ်ခုလို သဘောထားမယ့်သူမျိုးလေ ။
ကျွန်မနဲ့ သူ့ကြားမှာ အယူအဆမတူတာတွေ ၊ သဘောထားမတူတာတွေကလွဲရင် ကျန်တဲ့ပြဿနာ ဘာမှ မရှိခဲ့ပါဘူး။ ကျွန်မတို့ နှစ်ယောက်တစ်ခါမှ အော်ကြီးဟစ်ကျယ် စကားမများဖူးဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ သူဟာ ကျွန်မကို တကယ်မချစ်ဖူးလို့ ထင်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်မကို လျစ်လျူရှု့ နိုင်လွန်းတယ်။ ကျွန်မက စိတ်ဆိုးလို့ သူ့ဆီဖုန်းမဆက်ဘူး။ သူဆက်လာတဲ့ ဖုန်းကိုလည်း မကိုင်ဘူးဆိုရင် သူက ကျွန်မကို တစ်ပတ်လောက် အဆက်အသွယ်လုံးဝ မလုပ်တော့ဘူး။ ကျွန်မမှာ သူ့ကိုပဲစိတ်ဆိုးရမလား။ သူနဲ့ အဆက်အသွယ်ရအောင်ပဲ ပြန်ကြိုးစားရမလားနဲ့ စိတ်ရှုပ်ရင်း သူ့ကိုစိတ်ဆိုးနေတဲ့ အကြောင်းအရာ ကိုတောင် မေ့သွားတတ်တယ်။ နောက်ဆုံးကျတော့ ကျွန်မကပဲ သူ့ကို ဖုန်းပြန်စဆက်မိပါတယ်။ ကျွန်မက ဖုန်းပြန်ဆက်တဲ့ အခါမှာလည်း သူ့အသံက စိတ်ဆိုးနေတဲ့ အသံမျိုးမဟုတ်ဘဲ ပုံမှန်လေသံနဲ့ ပြန်ပြော တတ်တယ်။ ကျွန်မ စိတ်ဆိုးနေတဲ့ ပြဿနာအကြောင်းကို စကားဦးမသမ်းပဲ ပြောတတ်တယ်။ အဲ့ဒီပြဿနာ အတွက် ဘာဖြေရှင်းချက်မှ သူမပေးဘူး။ သူက အမြဲ စာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူ တစ်ယောက်ပါ။

photo credit- google
ဟုတ်တော့လည်း ဟုတ်ပါသည်။ အဲ့ဒီပြဿနာက ကျွန်မတစ်ယောက်တည်းအတွက်သာ ကြီးကျယ်တဲ့အရာဖြစ်ပြီး သူ့အတွက်တော့ ဘာမှ မဟုတ်တဲ့ အရာတစ်ခု ဖြစ်နေလို့ပါပဲ။ ကျွန်မရဲ့ အပေါင်းအသင်းတွေကို ပြောပြတဲ့အခါလည်း သူတို့က အဲ့ဒါ စိတ်ဆိုးစရာမလိုတဲ့ ပြဿနာတစ်ခုလို့ပဲ မှတ်ချက်ပေးတယ်။ နောက်ဆုံးတော့ ကျွန်မပဲ မှားနေတာလို့ အဖြေထွက် လာပါတယ်။ ကျွန်မ သူ့ကို တစ်ခါတစ်လေတော့လည်း စိတ်ကုန်မိတယ်။ အဲ့ဒီလို အခါမျိုးမှာလည်း ကျွန်မနဲ့သက်တူ ရွယ်တူ ရည်းစားတစ်ယောက်သာဆိုရင် ဒီလိုပြဿနာတွေဖြစ်နေမှာ မဟုတ်ဘူးဆိုပြီး သူနဲ့ အဆက်အသွယ်ဖြတ်ဖို့ စဉ်းစားမိတယ်။ သူကတော့ ကျွန်မက သူ့ကိုထားသွားရင်လည်း သူကျေကျေနပ်နပ် ကျန်ခဲ့မှာပါတဲ့။ ကျွန်မ အနားကို အတင်းလိုက်ကပ်နေမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ရွေးချယ်မှုကို တန်ဖိုးထားတယ် ဆိုတဲ့သဘောပေါ့။ သူ ကျွန်မကို ချစ်တဲ့ ပုံစံက အေးချမ်းတယ်။ ဒါပေမယ့် အဲ့ဒီအေးချမ်းမှုကပဲ ကျွန်မကို ပြန်ပူလောင်စေတယ်။ သူက အရက် ၊ ဆေးလိပ် ၊ ကွမ်း ၊ မိန်းမ အကုန်ကင်းတယ်။ အရမ်းရိုးသားတဲ့ လူရိုး လူအေးပေါ့။ ကျွန်မကတော့ နောက်အသစ် တစ်ယောက်ရှာဖို့ စိတ်ကူးနေတဲ့ မိန်းမဆိုးကြီးပေါ့ ။
အခန်း ( ၃ )
အခုတော့ ကျွန်မအမြဲအားကျခဲ့ရတဲ့ ချစ်သူစုံတွဲတစ်တွဲရဲ့ မလှပတဲ့ အစိတ်အပိုင်းတစ်ခုကို မြင်တွေ့ခွင့် ရလိုက် ပါပြီ။ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်သစ္စာဖောက်ခဲ့သလဲဆိုတာတော့ ကျွန်မ မသိပါဘူး။ ကျွန်မလေ အဲ့ဒီကောင်ကလေးက နောက်ကောင်မလေးတစ်ယောက်ကို ထပ်ပြီးချစ်ခင်ယုယနိုင်တာကို အံ့သြမိတယ်။ ကျွန်မတို့ ရုံးကအစ်မနဲ့ သူတကယ်ပဲ ပြတ်သွားပြီလား။ ဒါမှမဟုတ် မပြတ်သေးဘဲ အခုလို နောက် တစ်ယောက် နဲ့ တွဲနေ သလားဆိုတာ ကျွန်မမသိပါဘူး။ ဒါပေမယ့် သူတို့စုံတွဲကို အားကျခဲ့သမျှတွေဟာ အဲ့ဒီတစ်ဒင်္ဂလေး အတွင်းမှာဘဲ အစရှာမရအောင် ပျက်စီးသွားတယ်။ ကျွန်မတို့ရုံးက အစ်မကို သနားစိတ်နဲ့အတူ သူ့ကို အထင်သေးမိတဲ့ စိတ်ကိုခံစားလိုက်ရတယ်။ တကယ်လို့ ကျွန်မလည်း ကျွန်မရဲ့ချစ်သူကိုဖြတ်ပြီး နောက် တစ်ယောက်နဲ့ တွဲမိတဲ့အခါ ကျွန်မကိုမြင်တဲ့သူတိုင်းက အခုလိုဖြစ်ကြမှာပဲ။ သူ့ကိုမြင်ပြီးမှ ကျွန်မကိုယ်ကျွန်မ ပြန်မြင်အောင်ကြည့်တဲ့အခါ ကျွန်မရဲ့ချစ်သူကို အခုထက်ပိုပြီး တန်ဖိုးထားမြတ်နိုးရမယ်ဆိုတာ သဘော ပေါက်သွားတယ်။ ချစ်ခြင်းမှာ တစ်ယောက်နဲ့တစ်ယောက် အများအမြင်မှာ သဲသဲလှုပ်လှုပ် ဂရုစိုက်ပြနေခြင်း ထက်၊ အပေါ်ယံဟန်ဆောင်မှုမပါပဲ အတွင်းစိတ်ချင်းနီးစပ်ပြီး နှစ်နှစ်ကာကာချစ်နေရခြင်းက ပိုပြီးအရေးကြီး တာ သိခွင့်ရခဲ့ပါတယ်။
.jpg)
photo credit - google
လူဆိုမျိုးက ကိုယ်အနီးမှာရှိနေတဲ့အရာကို တန်ဖိုးထားရမှန်းမသိကြဘူး။ ကိုယ့်ခြံထဲက မြက်ထက် သူများခြံ ထဲက မြက်ကမှ ပိုစိမ်းတယ် လို့ထင်တတ်ကြတာ။ အခုတော့ ကျွန်မ သူ့လို လူရိုး၊လူအေးတစ်ယောက်နဲ့ ချစ်ခွင့် ရတာကို တန်ဖိုးထားရမှန်းသိခဲ့ပြီလေ။ သူ့ကိုပစ်ပြေးဖို့ စဉ်းစားခဲ့မိတဲ့ ကျွန်မကိုယ်ကျွန်မလည်း အပြစ်တင်မိ တယ်။ ငယ်ငယ်ချောချော ကောင်းလေးကိုသာ ရည်းစားထားခဲ့မိရင် ကျွန်မမှာ ပူလောင်လိုက်ရမယ့်ဖြစ်ခြင်း။ သူ ဘယ်တော့များ ငါ့ကို ပစ်သွားလေမလဲ ဆိုပြီး အားငယ်လိုက်ရမယ့်ဖြစ်ခြင်း။ အခုမှ ကျွန်မစဉ်းစားမိလိုက်တယ် ကျွန်မချစ်သူကလည်း ကျွန်မ သူ့ကို ဘယ်တော့ပစ်သွားလိမ့်မလဲဆိုပြီး ပူလောင်ခဲ့ဖူးမှာပဲ။ ကျွန်မကလည်း တကယ်ပဲ သူ့ကိုပစ်သွားဖို့ စဉ်းစားခဲ့မိတာကိုး ။
အချစ်ရေးမှာ အသက်အရွယ်နဲ့ရုပ်ရည်လှပမှုက အဓိကမကျဘူး။ သစ္စာတရားနဲ့ နားလည်မှုကသာ အဓိက ကျတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသဘောပေါက်သွားပါပြီ။ ကျွန်မချစ်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မရဲ့ ခပ်ယဲ့ယဲ့ သစ္စာတရားကို သူသိသွားမလားဆိုတဲ့ ရှက်စိတ်က ကျွန်မကိုခြိမ်းခြောက်နေမှာသေချာတယ်။ ဒါပေမယ့် ကျွန်မ တစ်ချိန်က အဲ့ဒီလို သစ္စာမဲ့ဖို့ စဉ်းစားဖူးတယ်ဆိုတဲ့အကြောင်းကို သူ့ရှေ့မှာ ဝန်ခံပါ့မယ်။ ကျွန်မ ဝန်ခံလိုက်တဲ့အခါ သူ ဘယ်လိုတုန့်ပြန်လိမ့်မလဲ ဆိုတာတော့………။
@pearlwhite
ပြီးပါပြီ။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ လိုအပ်ချက်များရှိလျင် ဝေဖန်အကြံပေးကြပါဦးရှင်။
Replies (18)
Nice to meet you, @holl.boll
Wow, this is somehow a dream come true after all these years envisioning it coming to our everyday world.
I votes you post plase vote my post thank you
Thanks a lot for sharing, great job as always,
အတော်ကောင်းတယ် ကိုယ်တိုင်ရေးတောင်မထင်မိဘူး
တကယ်တကယ်
ကိုယ်တိုင်ရေးဆိုရင်တော့ ကျနော်ချီးမွန်းတာ လုံလောက်မယ်ထင်တယ်
ကျနော့်လဲ အဲ့လိုရေးတတ်အောင်သင်ပေးဦး
အပြုသဘောဆောင်တာပါနော်
အားပေးလို့ ကျးဇူးပါ bro။ Steemit နဲ့ တွေ့မှ ကိုယ်ရေးတဲ့ စာတွေကို အချိန်ပေးပြီး ဖတ်ရှု့ဝေဖန်ပေးကြတဲ့ မိတ်ဆွေတွေရှိလာ တာပါ။ အရင်ကဆို ကိုယ်ရေးတဲ့စာကို ဖတ်ပြီးဝေဖန်အကြံပေးမယ့်သူ မရှိပါဘူး။ မဂ္ဂဇင်းတိုက်တွေဆီလည်း ပို့ခဲ့ဖူးပါတယ်။ တစ်ခါမှ အရွေးမခံခဲ့ရဖူးပါဘူး။ အခုတော့ တကယ်အားရှိပါတယ်။ ရှေ့ဆက်ပြီး လိုအပ်ချက်တွေရှိရင်လည်း ညွှန်ပြပေးပါဦး။
အရမ်းကြိုက်ပါတယ် နောက်တစ်ခုက အဲလောက်စာ
ရှည်ရှည်ရေးနိုင်တာ လေးစာပါတယ် ကျနော်တောင်
ဒီပိုစ့်ရဲ့ တစ်ဝက်မရှိဘူး😊
friကိုအားကျလိုက်တာ
အရေးအသားကောင်းလွန်းလို့
စိတ်ကူးကောင်းကောင်းနဲ့ Handmade တွေ ဖန်တီးတတ်တဲ့ fri ကိုလည်း လေးစားပါတယ်။ အားပေးလို့ ကျေးဇူးပါ။
ကျေးဇူးတင်ပါတယ်။ စာတွေကရှည်ပေမယ့် ကျစ်ကျစ်လစ်လစ် မရှိသေးပါဘူး။
nice post,bro!
အသည်းနှလုံးမှာ ကျွဲပုခုံးထနေပြီထင်ပါ့။ တင်လိုက်တဲ့ post တိုင်းမှာကြေကွဲ စရာ အရိပ် အငွေ့ လေးတွေ တွေ့ မြင်ခံစားမိနေတယ်။
By the way, this is also nice write.
Carry On.
တကယ်တကယ် ကောင်းပါဘိ
ရသတွေကလည်း အတုယူစရာ…စုံပါဘိနော်…
ကို ဇော်ပြောသလိုပဲ ကျွှန်တော် လည်း pearlwhite ရဲ့စာတွေကို ကူးထားတာပဲ ထင်ခဲ့ဘူးတယ်။ အရေးအသား တော်တော်ညှက်တယ်။ Steemit မှာ အောင်မြင်ပါစေ။
ကျေးဇူးတင်ပါတယ် bro.
Thanks bro.
Thank you.
ကျေးဇူးတင်ပါတယ်။
အချစ် အလွမ်း စာပေများမှသည် လူထုအကျိုးပြုလေးတွေကိုလည်းရေးစေချင်ပါသည်။ အရေးအသား ကောင်းပါသည်။ စာရေးဆရာဖြစ်ရန်ရည်ရွယ်ထားခြင်းအားလည်း အားပေးပါသည်။ ကြိုးစားပါလို့လည်းတိုက်တွန်းပါသည်ခင်ဗျာ။
ဟုတ်ကဲ့။ အခုလိုအားပေးစကားအတွက် တကယ်ကျေးဇူးတင်ပါတယ်။ လူထုအကျိုးပြုတွေရေးနိုင်ဖို့တော့ အများကြီး လိုပါသေးတယ်။ ဆက်လက်ကြိုးစားသွားပါ့မယ်။