4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူပျိုကြီး နှင့် အပျိုကြီး

အပိုင်း ( ၃ )

ကျွန်တော် အသက် ၃၀ ပြည့်သောနှစ်တွင် ဖခင်ဖြစ်သူက ရွာဦးကျောင်းမှာ ဘုန်းကြီး ဝတ်သွားသည်။ အစက တော့ ၃ လလောက်ပဲ ဝတ်မည်ဟုဆိုကာ သာသနာဘောင်သို့ ဝင် ရောက်သွားခဲ့ပေမယ့် ၃ လကနေ ၆ လ၊ ၆ လကနေ အပြီးတိုင် သင်္ကန်းဝတ်တော့မည်ဟု ဆိုလာသည်။ ကျွန်တော့် မိခင်ကလည်း ကြည်ကြည်ဖြူဖြူ သဘောတူလက်ခံ ပါသည်။ အမေကိုယ်တိုင်ကလည်း သာသနာ့ဘောင်သို့ ဝင်ရောက်ချင်နေပုံရသော်လည်း တစ် ဦးတည်းသော သားလေး အစားအသောက်ဆင်းရဲမည်စိုးသောကြောင့်သာ အိမ်တွင် ချက်ပြုတ်
ကျွေး မွေးနေသည်။ သို့သော် ဥပုသ်နေ့တိုင်းတော့ ဘုန်းကြီးကျောင်း သွားပြီး ဥပုသ်စောင့်၊ တရားထိုင်သည်။

ကျွန်တော် အသက် ၄၀ ပြည့်သော သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်တော့်ဖခင် ပျံ လွန်တော်မူခဲ့ပါသည်။ အမေကတော့ တရားသဘောကိုနှလုံးသွင်းနိုင်ပေမယ့် ကျွန်တော်ကတော့ ယောကျာ်းကြီးတန်မဲ့ ချုံးပွဲချ ငိုမိပါသည်။ အဖေ့ရဲ့ နောက်ဆုံးအမှာစကားက ငါ့သား အိမ်ထောင်ပြုပြီး သားကြွေး၊မယားကြွေး ဆပ်ဖို့စိတ်မကူးလေနဲ့၊ သာသနာ့ဘောင်ကိုဝင်ရောက်ပြီး သံသရာကြွေးဆပ်ဖို့ပဲ စိတ်ကူးပါတဲ့။ ဖခင်ဖြစ်သူရဲ့ အမှာ စကားကို ခေါင်းညိတ်နားထောင်ခဲ့ရပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိမို့ သာသနာ့ဘောင်သို့ တစ်ထစ်ချ ဝင်
ရောက်မည်ဟု ကတိမပေးလိုက်နိုင်ခဲ့ပါ။ မိခင်ကြီးနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း တစ်ယောက် တည်း အပူအပင်ကင်းကင်းနဲ့နေချင်သဖြင့် အိမ်ထောင်မပြုဟုသာ ယူဆနေကြသည်။ တကယ်တော့ တစ်ကိုယ်တည်း အပူအပင်မရှာချင်၍မဟုတ် အမူလွန်ပြီး လူပျိုကြီးမဖြစ်ချင်ပဲ ဖြစ်ခဲ့ရခြင်းပါ။ ဖခင်ကြီး မရှိတော့သည့်နောက်ပိုင်းတွင်တော့ မိခင်ဖြစ်သူက ဘုရား၊တရားပို၍ အားထုတ်လာတာ သတိထားမိပါသည်။

brokenheart.jpg
photo credit- google

ဒီလိုနှင့် ကျွန်တော်အသက် ၄၁ နှစ် ပြည့်ခါနီး သီတင်းကျွတ်လတွင် ပြဿနာတစ်ရပ် အစပြုလာသည်။ထိုပြဿနာကို မဖြေရှင်းပါက ကျွန်တော်တစ်သက်လုံး ထိန်းသိမ်းလာခဲ့ သော ဂုဏ်သိက္ခာအားလုံး ရေစုန်မျော တော့မည်။ ထိုပြဿနာ မည်သို့မည်ပုံ အစပြုလာသည်ကို သေချာမသိပေမယ့် ထိုပြဿနာရှိနေမှန်း သိလိုက်ရ သည့်အချိန်မှာ အတော် နောက်ကျနေပြီ။ တစ်နေ့ကျွန်တော် ကျောင်းကအပြန် ငယ်သူငယ်ချင်းတစ်ယောက်က လှမ်းနှုတ်ဆက်သည်။ သူနှုတ်ဆက်သည်က ရိုးရိုးတန်းတန်းမဟုတ်ပေ။ ဒီနှစ်သီတင်းကျွတ်ရင်တော့ ငါ့သူငယ် ချင်းကြီး သေချာပေါက်စွံပြီပေါ့တဲ့။ သူ့စကားကြားတော့ အရင်အတိုင်းစနောက်နေသည်ဟုသာထင်လိုက်မိသဖြင့် ရယ်ပြပြီး ဆက်လျှောက်လာခဲ့သည်။ ချောင်းကမ်းနားကိုဖြတ်လျှောက်ချိန်မှာ ရေခပ်ဆင်းနေသော ကျောင်းသား မိဘတစ်ဦးနှင့်တွေ့ပြီး နှုတ်ဆက်စကားပြောချိန်မှ ကျွန်တော်ခေါင်းနားပန်းကြီး သွားသည်။ဆရာ့မင်္ဂလာဆောင်မှာ လိုအပ်တာခိုင်းပါတဲ့။ ထို ကျောင်းသားမိဘ ကတော့ ကျွန်တော့်လို ဆရာတစ်ယောက်ကို စနောက်စရာ အကြောင်းမရှိပေ။

ကျွန်တော်က သီတင်းကျွတ်လျှင်မင်္ဂလာဆောင်မည်တဲ့။ တော်တော်လေး ရယ်စရာ ကောင်းတဲ့သတင်းတစ်ပုဒ်ပဲ ဖြစ်ပါလိမ့်မည်။ ကာယကံရှင်တောင်မသိတဲ့သတင်းကို တစ်ရွာလုံးက လူတွေသိနေတာ ထူးဆန်းလှသည်။ ကျွန်တော်မင်္ဂလာဆောင်မည်ဆိုတော့ သတို့သမီးက ဘယ်သူပါလဲဟုမေးတော့မှ ကျွန်တော်တို့ခေါင်းရင်း အိမ်က အပျိုကြီး မလှသန်းပါတဲ့။ သူက မလှသန်း နာမည်ပြောမှ မလှသန်းဆိုတာ ဘယ်လိုပုံပါလိမ့်လို့ ကမန်း ကတန်း စဉ်းစားယူရသည်။ မလှသန်း ဆိုတာ ပုပုဝဝ၊ အသားမည်းမည်း၊ အပေါက်ဆိုးဆိုး မိန်းမကြီးတစ်ယောက်။ ကျွန်တော့်ထက် အသက် ၈ နှစ်ခန့်ကြီးသည်။ နှုတ်ကြမ်းအာကြမ်း ရှိလွန်းလှသဖြင့် သူ့ကိုရွာထဲမှာကြိုက်မယ့်သူမရှိ၊ ယူမည့်သူမရှိသဖြင့် အပျို ကြီး ဖြစ်နေခြင်းဖြစ်သည်။ ထိုသတင်းကို ဘယ်ကနေကြားပါ သလဲဟု မေးတော့မှ ပိုဆိုးတော့သည်။ တစ်ရွာလုံး ဒီသတင်းကို ပါးစပ်ဖျားကမချ ပြောနေကြသည်တဲ့။ ကျွန်တော်အခုမှ ခေါင်းပူ၊ ရင်ပူပြီး ဒေါသတွေပါ အလိပ်လိုက်တက်လာ သည်။ ဒီသတင်းကို လိုက်ဖွတဲ့တရားခံတွေ့လျှင်တော့လား အသက်ချင်းပါလဲပစ်လိုက်မည်ဟု တေးထားလိုက်သည်။

ကျောင်းသားမိဘကိုလည်း ထိုသတင်းက သတင်းအမှားသာဖြစ်ကြောင်း၊ ကျွန်တော် ကိုယ်တိုင်တောင် အခုမှ ဒီသတင်းကို သိသည့်အကြောင်းများရှင်းပြပြီး အိမ်သို့ခပ်သွက် သွက်ပြန်မိတော့သည်။ အိမ်ပြန်ရောက်သည်နှင့် အမေက မျက်စိပျက်၊ မျက်နှာပျက်ဖြင့် ထိုသတင်းဟုတ်မဟုတ် ဆီးမေးတော့သည်။ ကျွန်တော်လည်း အခုမှ ထိုသတင်းကိုကြားလာပြီး အံ့သြဒေါသထွက်နေသည့်အကြောင်းများ အမေ့ကိုရှင်းပြရသည်။ အမေက ထိုသတင်းကို ရွာဦးကျောင်းသို့ဆွမ်းချိုင့်သွားပို့ရင်း ကျောင်းထိုင်ဆရာတော်ကမေးသဖြင့် သိလာရခြင်းဖြစ် သည်။ ဘုရား၊ ဘုရား….ဆရာတော်အထိတောင် ထိုသတင်းကပျံ့နှံ့နေပါလား။ ကျွန်တော့်ဘဝတော့ ရေတိမ်နစ် ပြီ ထင်ပါရဲ့။ ကျွန်တော်တို့သားအမိ ထိုကိစ္စကိုမည်သို့ဖြေရှင်းရမလဲ ခေါင်းချင်းဆိုင်နေစဉ် ရွာသူကြီးကပါ အိမ်သို့ ရောက်ချလာသည်။ ရွာသူကြီးက ကျွန်တော့်အဖေရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သဖြင့် ကျွန်တော်တို့ဘက်က ရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဒီလောကကြီးမှာ ကိုယ်မဟုတ်ပါပဲ စွပ်စွဲခံရခြင်းလောက် ဆိုးရွားတဲ့ကိစ္စမရှိဟုထင်သည်။ အခုတော့ ကျွန်တော် တစ်သက်လုံးထိန်းလာခဲ့သမျှ ဂုဏ်သိက္ခာတွေ ရေစုန်မျောပြီ။ ရွာသူကြီးကလည်း ထိုသတင်းကို မယုံသဖြင့် ကျွန်တော့်ထံသို့ အတည်ပြုချက်လာယူခြင်း ဖြစ်သည်။ ကျွန်တော်လည်း ထိုသတင်းကို ကျွန်တော် ကိုယ်တိုင် တောင် အခုမှသိလာ ခြင်းဖြစ်ကြောင်း၊ ထိုသတင်း ဘယ်ကဘယ်လို ထွက်သလဲကို မသိပါကြောင်းများကို ရှင်းပြရသည်။ ထိုသတင်းထွက်ပေါ်လာရသည့် အကြောင်းအရင်းကို ဘယ်လိုမှစပ်ဆက် ကြည့်၍မရ။ လျှို့ဝှက် ချက် တစ်ခုခုရှိနေပုံရသည်။ ထိုလျှို့ဝှက်ချက်အကြောင်းကိုတော့ အပျို ကြီးမလှသန်းသာ သိလိမ့်မည်ဟု ထင်သည်။ သူကြီးက အပျိုကြီးမလှသန်းကို ချက်ချင်းခေါ်မေးမယ်လုပ်နေသဖြင့် ကျွန်တော့်မှာ တား ထားရသည်။ အပျိုကြီး ကျွန်တော့်အိမ်သို့ အ ဝင်အထွက်လုပ်ပါမှ ထိုသတင်းကို အတည်ပြုလိုက်သလို ဖြစ်သွားမည်စိုးသည်။ ထို့ကြောင့် သူကြီးအိမ်တွင် ရွာထဲမှလူကြီးများပါခေါ်ပြီး မျက်နှာစုံညီရှင်းပေးရန် တောင်း ဆိုရသည်။ သို့မှသာ ကျွန်တော်တစ်သက်လုံး ထိန်းသိမ်းလာခဲ့သော ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မည်။ ဒီသတင်းကို မရှင်းပဲထားလိုက်လျှင် ကျွန်တော့်မှာဘဝမှာ အမဲစက် ထင်ကျန်ခဲ့လိမ့်မည်။ ကျွန်တော်ဘက်က အမှားအယွင်း တစ်စုံတစ်ရာမရှိသည့်အတွက် မည်သူနှင့်မဆို ထိပ်တိုက်ရှင်းရဲပါသည်။

im.jpg
photo credit- google

ဒီလိုနှင့် သူကြီးအိမ်သို့ရောက်ခဲ့တော့သည်။ သူကြီးအိမ်အောက်မှာတော့ စပ်စပ်စုစုနိုင်လှသော အမျိုးသမီး တစ်စုက ကွက်ကြည့် ကွက်ကြည့်လုပ်နေသည်ကို တွေ့ခဲ့ရသည်။ အပျိုကြီးမလှသန်းကတော့ သူ့ကိုပဲကျွန်တော်က လူကြီးစုံရာရှေ့မှာ လက်ထပ်ခွင့် တောင်းမည် ဟု ထင်နေသလားမသိ လှလှပပဝတ်စားဆင်ယင်ပြီး ရောက်လာတော့သည်။ လူစုံသည်နှင့် သူကြီးက ထိုသတင်းဟုတ်မဟုတ်ကို ကျွန်တော့်ကို အရင်မေးတော့သည်။ ကျွန်တော်ကတော့ ထိုသတင်းက မဟုတ်မှန်ကြောင်း ၊ အပျိုကြီးမလှသန်းနှင့်လည်း မည်သို့မှပတ်သက် ဆက်ဆံမှုမရှိခဲ့ဖူး ကြောင်းရှင်းပြလိုက်သည်။ ကျွန်တော့်အဖြေကိုကြားသည်နှင့် အပျိုကြီးက မျက်နှာပျက်ကာ ကျွန်တော့်ကို ဒေါသတကြီး စိုက်ကြည့်တော့ သည်။ ဒီရွာမှာ အပျိုကြီးကြောက်တာဆို၍ သူကြီး နှင့် ရွာဦးကျောင်းမှ ဘုန်းကြီးသာရှိသည်။ ထိုနေရာတွင် သူကြီးသာရှိမနေပါက အပျိုကြီးထံမှ နားမချမ်းသာ ဖွယ် အဆဲပေါင်းမျိုးစုံကို ကြားရလိမ့်မည် ဟုထင်သည်။ သူကြီးက အပျိုကြီးကို တစ်လှည့်မေးတော့မှ ကျွန်တော် ဘယ်လိုမှ မမျှော်လင့်ထားမိသော အဖြေကို ကြားရတော့သည်။

ကျွန်မ ညနေခင်းရေချိုးတိုင်း ကျောင်းဆရာက အပေါ်ထပ်ပြတင်းပေါက်က ချောင်းကြည့်ပါသည်တဲ့။ တစ်ရက် လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် နေ့တိုင်းနီးပါး ချောင်းကြည့် နေသဖြင့် ကျောင်းဆရာက သူ့ကို ကြိုက်နေ သည်ဟုထင်ပြီး ရွာထဲလျှောက်ပြောမိရာမှ အခုလို မင်္ဂလာဆောင်တော့မည်ဆိုသည့် သတင်းအထိ ပျံ့နှံ့သွား ကြောင်း ပြောပါတော့သည်။ သူပြောကာမှ ကျွန်တော်က နှာဘူးလုံးလုံးဖြစ်ပြီ။ ဘုရားပေးပေး၊ ကျမ်းပေးပေးပါ အပျိုကြီးရေချိုးတာ ချောင်းကြည့်ဖို့မပြောနဲ့ အပျိုကြီးဘယ်နေရာမှာ ရေချိုးမှန်းတောင် မသိပါဘူးဗျာ။ ကျွန်တော်က မကြည့်သည့်အကြောင်းများ ပြန်ဖြေရှင်းပါမှ အပျိုကြီးက ကက် ကက်လန်အောင် ရန်တွေ့ပါ တော့သည်။ ရှင်မဟုတ်တာမပြောနဲ့ ကျုပ်ညနေခင်းရေချိုးတိုင်း အပေါ်ထပ်ပြတင်းပေါက်ကနေ ကြည့်ကြည့်နေတာ ကျုပ်တစ်ယောက်တည်း မြင်တာမဟုတ်ဘူး။ ကျုပ် အမေလည်းမြင်တယ်တဲ့။ အပျိုကြီးရဲ့ အမေကလည်း မြင်ပါကြောင်း ထောက်ခံပြောဆိုတော့သည်။ ကျွန်တော်မှာတော့ မျက်နှာလည်းပူ၊ ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပြီး အသားတွေပါ တစ်ဆတ်ဆတ်တုန်လာသည်။ အခုမှ အကြောင်းအရင်းကို သေချာသဘောပေါက်တော့သည်။

4.jpg
photo credit- google

ညနေတိုင်း ကျွန်တော်ပြတင်းပေါက်မှာ မတ်တပ်ရပ်မိတာမှန်ပါတယ်။ ဒါပေမယ့် အပျို ကြီးကိုကြည့်တာ မဟုတ်ပါဘူး။ အပျိုကြီးကို ကြည့်ရလောက်အောင်လည်း ကျွန်တော့် မျက်လုံးက အဝေးမှုန်ပါ။ အဝေးကိုကြည့်လျှင် ဘာမှသဲသဲကွဲကွဲ မမြင်ရပါဘူး။ ညနေခင်းဆိုလျှင် ပြတင်းပေါက်မှာရပ်ပြီး ရွာတောင်ပိုင်းက တစ်သွင်သွင်စီး နေတဲ့ ချောင်းကို မျှော်ကြည့်မိတာပါ။ ကျွန်တော်ကြည့်တဲ့ အချိန်နဲ့ အပျိုကြီး ရေချိုးတဲ့အချိန် တိုက်ဆိုင်သွားတာတစ်ခုပါပဲ။ ကျွန်တော်မြင်တာမမြင်တာ ကျွန်တော်ကိုယ်တိုင်ပဲ သိပေမယ့် တစ်ဖက်လူအမြင်မှာ အမြင်ရိုင်း သလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။ အပျိုကြီးမလှသန်းအပေါ်လည်း စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးပါဘူး။ ကျွန်တော့်အနေနဲ့လည်း တစ်သက်လုံး လူပျိုကြီးဘဝနဲ့နေသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။ အခုသီတင်းကျွတ်ရင် မင်္ဂလာ ဆောင်မယ်ဆိုတဲ့ သတင်းကမမှန်တဲ့အကြောင်းကို တစ်ရွာလုံးသိအောင် လူကြီးစုံရာရှေ့မှာ ပြန်ဖြေရှင်းရတာပါဟု မျက်နှာပူပူနှင့်ပင် ပြောလိုက်ရသည်။ အပျိုကြီးကတော့ ပြောစကားကိုပင် ဆုံးအောင် နားမထောင်ပဲ ပါးစပ်မှ အယုတ္တအနတ္တတွေပြောဆိုပြီး သူကြီး အိမ်ပေါ်မှ ဆောင့်ကြီးအောင့်ကြီး ဆင်းသွားတော့သည်။

နောက်တစ်နေ့မိုးလင်သည်နှင့် မြို့တက်ကာ မျက်မှန်တစ်လက် လုပ်လိုက်တော့သည်။ ညအိပ်ချိန်နှင့် စာသင်၊ စာဖတ်ချိန်မှလွဲ၍ ထိုမျက်မှန်ကို မချွတ်တန်း တပ်ထားမိပါသည်။ အိမ်ပြန်ရောက်သည်နှင့် အပျိုကြီးတို့ အိမ်ဘက်အခြမ်းရှိ ပြတင်းပေါက်မှန်သမျှကို သံဖြင့်အသေပိတ် ရိုက်လိုက်တော့သည် ။ဖြစ်နိုင်လျှင် အပျိုကြီး အိမ်နှင့်ကျွန်တော့်အိမ်ကြားတွင် ထန်းတစ်ပင်ခန့်မြင့်သော ခြံစည်းရိုးပင် ကာလိုက်ချင်ပါသည်။ ထိုနေ့မှစ၍ အပျိုကြီးထံမှ ဆဲဆိုစောင်းမြောင်းသံများ ကြားရသော်လည်း အပျိုကြီးနှင့်ယူပြီး လူညွန့်တုံးရသည့် ဘဝနှင့် စာ လျှင်တော့ ယခုကဲ့သို့ နားမချမ်းသာ ဖြစ်နေရသည့်ဘဝကပဲ တော်ပါသေးသည်ဟု မှတ်ယူမိပါတော့သည်။

download (9).jpg
photo credit- google

ကျွန်တော့်ဘဝတွင် ကျွန်တော်နှင့်ပတ်သက်ခဲ့ဖူးသော မိန်းကလေးနှစ်ဦးသာရှိသည်ဟု အစပိုင်းတွင် ရေးသား ခဲ့ပါသည်။ ယခုအပျိုကြီးမလှသန်းကတော့ ကျွန်တော်ကစ၍ ပတ်သက်ခဲ့ခြင်းမဟုတ်ပဲ သူကတစ်ဖက်သတ် လာရောက် ပတ်သက်ခြင်းဖြစ်သည်။ အသက် ၄၀ ကျော်မှကံပေါ်သည်ဟုပြောရလျှင်လည်း ပေါ်သည့်ကံက ကောင်းသည့် ကံမဟုတ်ပဲ၊ ဆိုးသည့်ကံ ဖြစ်နေခြင်းအတွက်တော့ ရင်နာရပါသည်။လူပျိုကြီးဖြစ်ရသည့်ဘဝများ မလုံခြုံလိုက်ပါဘိ။ ထိုနေ့မှစ၍ အပျိုကြီးများနှင့်သာမက အပျိုလေးများနှင့်ပါ ဝေးဝေးက ရှောင်ပြီး ရွာထဲမှာလည်း တစ်သက်လုံး လူပျိုကြီးပဲ လုပ်တော့မည်ဟု ကြေညာလိုက်ပါသည်။

ထိုကဲ့သို့ လူပျိုကြီးပဲ လုပ်တော့မည်ဟု ကြေညာပြီး မကြာခင်မှာပဲ ကျွန်တော်ငယ်စဉ်ကတည်းက တစ်ဖက်သတ် ချစ်ခဲ့ရသော ချိုချိုလွင် တစ်ယောက် ကလေးသုံးယောက်လက်ဆွဲပြီး ရွာသို့ပြန်ရောက်လာခဲ့ပါတော့သည်။

@pearlwhite

ဇာတ်သိမ်းပိုင်းကို ဆက်လက်ရေးသားပါဦးမည်။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါရန်
တောင်းပန်အပ်ပါသည်။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။
လိုအပ်ချက်များကို ဝေဖန်အကြံပြုပေးကြပါဦးရှင်။

37 upvotes $3.22

Replies (25)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: