4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူပျိုကြီးနှင့် အချစ်

အပိုင်း (၁)

ဝါလကင်းလွတ်၊ သီတင်းကျွတ်။ မိုးလေကင်းလွတ် ၊ သီတင်းကျွတ်။ စသဖြင့် သီးတင်းကျွတ်လကို အမျိုးမျိုး တင်စား စာဖွဲ့ထားကြသည်။ သီတင်းကျွတ်လ ခါသမယတွင် ဆိုင်းသံ၊ဗုံသံ တခြိမ့်ခြိမ့်ဖြင့် ဘုရားပွဲများ ကျင်းပ ကြသလို၊ အခါတော်ပေးသီချင်းသံ မြိုင်မြိုင်ဖြင့် မင်္ဂလာပွဲများလည်း ဆင်ယင်ကျင်းပကြသည်။ ကလေးငယ် များကလည်း သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည် ရောက်ပြီမို့ပျော်ကြသလို၊ ကာလသားသမီးများကလည်း တူနှစ်ကိုယ် နီးစပ်ရတော့မည်မို့ ပျော်ကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင်မွေးသော ကျွန်တော်ကတော့ သီတင်းကျွတ် ရောက်လေတိုင်း မပျော်နိုင်ပါ။ မပျော်နိုင်ရသည့် အကြောင်းအရင်းများလည်း ရှိနေပါသည်။ သီတင်းကျွတ်ရောက်တိုင်း အသိမိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်သွားကြပြီး ကျွန်တော်တစ်ယောက်တည်း လူပျိုကြီးဘဝဖြင့် ကျန်ရစ်ခဲ့သလို၊ သီတင်းကျွတ်ရောက်တိုင်း အသက်တစ်နှစ် ပိုပိုကြီးသွားသောကြောင့်လည်း ဖြစ်သည်။ ဒီနှစ်သီတင်းကျွတ်လည်း လူပျိုကြီးမစွံသေးဘူး ဟူသော စကားသံ များကတော့ ကျွန်တော့်ကို အနှိပ်စက်နိုင်ဆုံးဖြစ်သည်။

b44a8dd0493ecf417fd25c078ef8778c.jpg
photo credit - google

မှတ်မှတ်ရရ အသက် ၃ဝ ပြည့်ပြီးချိန်ကတည်းက လူပျိုကြီးဟု အခေါ်ခံနေရသည်။ ဟိုနေရာသွားလည်း လူပျိုကြီး ဘယ်တော့စားရမှာလဲ။ ဒီနေရာသွားလည်း လူပျိုကြီးပဲ လုပ်တော့မှာလား။ မိန်းမ မယူတော့ဘူးလား။ စသဖြင့် အမေးစကားသံများက ဘယ်တော့မှ မလွတ်ပေ။ လူတွေများ ကိုယ့်ထမင်းကိုယ်စားပြီး အားအားရှိ သူများလူပျိုကြီးဖြစ်နေတာကိုပဲ လာလာခလုတ်တိုက်နေကြသည်။ လူပျိုကြီးလုပ်နေတာကို ရာဇဝတ်မှု ကျူးလွန်ထားသလို ထင်နေကြသလား မသိပေ။ ခေါ်သည့်သူကတော့ စနောက်ချင်၍ပဲ ခေါ်လေသလား၊ နှိပ်ကွက်ချင်၍ပဲ ခေါ်လေသလားတော့မသိ၊ အခေါ်ခံရသည့်သူမှာတော့ လူပျိုကြီး ဟု တစ်ခါ အခေါ်ခံရ လေတိုင်း ရင်ထဲမှာ ဆို့ဆို့သွားမိသည်။ ခေါ်သည့်သူကိုလည်း ယောကျာ်းလေးဆိုလျှင် နားရင်းပါးရင်း ဖြတ်တီး လိုက်ချင်သလို ၊ မိန်းကလေးဖြစ်လျှင်လည်း ကက်ကက်လန်အောင် ရန်တွေ့လိုက်ချင်သည်။ လူပျိုကြီးဖြစ်ရတဲ့ ဘဝများ ဆိုးလိုက်ပါဘိ။

ဖြစ်လေရာဘဝတိုင်း လူပျိုကြီးမဖြစ်ပါရစေနဲ့ဟု ဘုရားရှိခိုးတိုင်း ဆုတောင်းမိပါသည်။ သို့သော် ကျွန်တော် အသက် ၃၀ ပြည့်ကတည်းက တောင်းလိုက်ရတဲ့ဆု အခုအသက် ၄၀ ကျော်သည့်တိုင်အောင် မပြည့်သေးပါ ဘူး။ သို့သော် ကျွန်တော်က ပါးစပ်ဖြင့်သာ ဆုတောင်းရုံတောင်းတတ်ပြီး ထိုဆုတောင်းကို ပြည့်ဝအောင် လက်တွေ့အကောင်အထည် မဖော်နိုင်တဲ့သူတစ်ယောက်ပါ။ ကျွန်တော်လူပျိုကြီးဖြစ်ရတဲ့ အဓိကအကြောင်း အရင်းက ရတာမလို၊ လိုတာမရ ဆိုတဲ့အကြောင်းကြောင့်ပဲ ဖြစ်ပါသည်။ ကျွန်တော် ချစ်နေမိတာက တစ်ယောက်၊ ကျွန်တော့်ကို ချစ်တာကတစ်ယောက်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေဖြစ်ပြီး နောက်ဆုံးတော့ ကျွန်တော် တစ်ယောက်တည်း မောင်ကျန်ရစ်ကြီးဖြစ်ခဲ့ပါသည်။

images (5).jpg
photo credit - google

အသက် ၃၀ မကျော်ခင်ကတော့ ကိုယ်တကယ် နှစ်နှစ်ကာကာ ချစ်နိုင်တဲ့သူနဲ့ပဲ အိမ်ထောင်ပြုမည်ဟု နှလုံး သွင်းထားပါသည်။ အသက် ၃၀ ကျော်လာတော့ အချစ်ဟာ အဓိကမကျတော့ပဲ ကိုယ်နဲ့စိတ်သဘောထားချင်း တိုက်ဆိုင်လျှင်ပြီးရောဟု သဘောထားပါသည်။ ယခု အသက် ၄၀ ကျော်လာတော့ ချစ်ချစ်မချစ်ချစ်၊ စိတ် သဘောထားချင်းတိုက်ဆိုင်၊မတိုက်ဆိုင်၊ ကြည့်ပျော်ရှု့ပျော် ဖြစ်လျှင်တော်ပါပြီဟု သဘောထားလာမိ ပါသည်။ အသက်အရွယ်ကိုလိုက်ပြီး ကျွန်တော့်ရဲ့သဘောထားအမြင်များ ပြောင်းလဲသွားသော်လည်း ကျွန်တော့်ဘဝ တစ်လျှောက်လုံးတွင် နီးနီးကပ်ကပ် ဆက်ဆံပတ်သက်ခဲ့ဖူးတာဆို၍ မိန်းကလေး ၂ ဦးသာ ရှိခဲ့ပါသည်။ ထိုနှစ်ဦးမှာ ချိုချိုလွင် နှင့် ရီရီလွင် ဖြစ်ပါသည်။ နာမည်အဆုံးမှာ “လွင်” ပါတာချင်းတူပေမယ့် ညီအစ်မတော့ မဟုတ်ပါ။ “လွင်” ဆိုသော အမည်နာမနှင့် ကျွန်တော်က အကျိုးမပေးခြင်းသာဖြစ်ပါသည်။

ချိုချိုလွင်မှာ နာမည်နှင့်လိုက်ဖက်အောင် ချိုလွင်သောအသံရှိပြီး ရုပ်ရည်ရူပကာအရလည်း ချောမောလှပသူ တစ်ဦးဖြစ်သည်။ ဖြူစင်သောအသားအရည်နှင့် သွယ်နွဲ့သောကိုယ်ဟန်ရှိပြီး ဆံကေသာကလည်း နက်မှောင် သန်စွမ်းလှပသည်။ မျက်နှာသွယ်သွယ် ၊ နှာတံစင်းစင်း ၊ မျက်လုံးတောက်တောက်နှင့်မို့ အဝေးကပင် ထင်းကနဲ မြင်နိုင်သည်။ အထူးသဖြင့် သူ့ရဲ့ အနီရောင်သန်းနေသော နှုတ်ခမ်းပါးလေးကို ကျွန်တော်အလွန်သဘောကျ သည်။ ပိရိသေသပ်သော နှုတ်ခမ်းပါးကလေးများက စကားပြောတိုင်း လှပစွာကွေးညွတ်သွားကြသည်ကို ကျွန်တော် တမေ့တမော ငေးကြည့်ခဲ့ဖူးသည်။

maxresdefault.jpg
photo credit - google

ငယ်စဉ်ကလေးဘဝကတည်းက ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သော သူငယ်ချင်းအရင်း ခေါက်ခေါက် ဖြစ်သည့် အတွက် သူနှင့်ကျွန်တော့်ကြားတွင် သူငယ်ချင်း ဆိုသောစည်းက အမြဲလိုလို ပိုင်းခြားထားသည်။ အဆိုးဆုံး ကတော့ သူက ကျွန်တော့်ကို ယောကျာ်းတစ်ယောက်အဖြစ် မမြင်နိုင်ခြင်းပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက ကျွန်တော်နှင့်သူ အရုပ်မတွေနှင့် ကစားခဲ့သည်။ စိန်ပြေးတမ်းလည်း ဆော့ခဲ့ဖူးသည်။ သူ့ဂါဝန်တွေ ဆင်တူ ဝတ်ပြီး ရွာရိုးကိုးပေါက်လည်း လျှောက်ခဲ့ဖူးသည်။ အတွင်းသိ၊ အစင်းသိတွေဖြစ်ခဲ့ကြပြီး လူပျိုဖော်၊ အပျိုဖော် ဝင်သည်အထိအောင် တစ်ယောက်နှင့်တစ်ယောက် ရှိုးတို့ရှန်းတန်းဖြစ်ချင်း အလျင်းမရှိပဲ စလိုက်နောက်လိုက် ဖြင့် မခွဲအတူ ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။

တက္ကသိုလ်တက်မှသာ ကျွန်တော်က မြန်မာစာယူပြီး ၊သူကအင်္ဂလိပ်စာယူသဖြင့် အတန်းကွဲ သွားခြင်းဖြစ်သည်။ စိတ်ကစားတတ်တဲ့ အရွယ်မှာ ကျွန်တော်က သူ့အပေါ်သံယောဇဉ် အရောင်ပြောင်းလဲခဲ့ပေမယ့် သူက ကျွန်တော့်အပေါ် အဖြူရောင်သက်သက် သံယောဇဉ်သာ ထားနိုင်ခဲ့သည်။ သူငယ်ချင်းအရင်းခေါက်ခေါက်ကို ချစ်သူတစ်ယောက်အဖြစ် ပြောင်းလဲမြင်ကြည့်လို့ မရတဲ့သူ့ကိုပဲ အပြစ်တင်ရမလား၊ သူငယ်ချင်းသံယောဇဉ်ကို ဖောက်ဖျက်မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော်ပဲ အပြစ်တင်ရမလား ဆိုတာတော့မသိပေ။

images (14).jpg
photo credit - google

ကျွန်တော် သူ့ကိုအရဲစွန့်ပြီး ဖွင့်ပြောလိုက်ချိန်မှာ အံ့သြသင့်မှု ၊ နာကျည်းမှုအပြည့်ဖြင့် ပြန်စိုက်ကြည့်ခဲ့သော သူ့မျက်ဝန်းအစုံကို မေ့မရနိုင်သလို၊ ကျွန်တော်ချစ်မြတ်နိုးခဲ့ရသော သူ့နှုတ်ခမ်းပါးဆီက ထွက်ကျလာခဲ့တဲ့ ရက်စက်သော စကားလုံးများကိုလည်း အမှတ်ရနေဆဲပင်ဖြစ်သည်။ စည်းဖောက်မိသော ကျွန်တော့်ကို သူပေး အပ်ခဲ့သော အပြစ်ဒဏ်က ရက်စက်လှသည်။ အဖက်လုပ်ပြီး စကားတုန့်ပြန်ဖို့ဝေးစွ ၊ လမ်းမှာတွေ့ လျှင်တောင် သူစိမ်းတွေလို မျက်နှာလွှဲသွားသည်။ သူစိတ်ဆိုးပြေစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ခဲ့ပေမယ့် အချည်းနှီး သာဖြစ်ခဲ့သည်။ ကျောင်းမပြီးခင် တစ်နှစ်အလို ၊ တစ်ခုသော သီတင်းကျွတ်ချိန်ခါမှာတော့ မြို့ပေါ်က သူဌေး သားတစ်ဦးနှင့် သူအိမ်ထောင်ပြုသွားသည်။ ကြိုတင်စီစဉ်ထားခြင်းမရှိပဲ ဆိုင်းမဆင့်ဗုံမဆင့် မင်္ဂလာဆောင်သွား ခြင်းဖြစ်သည်။ ကျွန်တော့်မှာသာ ရင်ကွဲပက်လက်၊ တီကောင်ဆားပက်ခံရသလို ထွန့်ထွန့်လူးပြီး ကျန်ရစ်ခဲ့သည်။

@pearlwhite

အပိုင်း (၂) ဆက်ပါဦးမည်။ ဇာတ်လမ်းတိုရေးဖို့ ကြိုးစားရင်း ဇာတ်လမ်းကရှည်ရှည်သွားသဖြင့် အပိုင်းခွဲတင်ရခြင်းအတွက် မိတ်ဆွေသူငယ်ချင်းများအား တောင်းပန်အပ်ပါသည်။ ဖတ်ရှု့အားပေးမှုအတွက် အထူး ကျေးဇူးတင်ပါသည်။ လိုအပ်ချက်များရှိလျှင် ဝေဖန်အကြံပြုပေးကြပါဦးရှင်။

61 upvotes $2.45

Replies (11)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: