4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူပျိုကြီးနှင့် ဒုတိယအချစ်

အပိုင်း ( ၂ )

အပိုင်း(၁)တွင် သီတင်းကျွတ်လပြည့်နေ့တွင် မွေးဖွားသော လူပျိုကြီးတစ်ဦး၏ ငယ်ချစ်ဦးနှင့် လွဲခဲ့ရပုံကို ရေးသားခဲ့ပြီးဖြစ်ပါသည်။ယခုအပိုင်း(၂) တွင် လူပျိုကြီး၏ ဒုတိယမြောက်အချစ်ဖြစ်သော မိန်းကလေး အကြောင်းဆက်ပါမည်။

လူပျိုကြီး ကျွန်တော်နှင့် ပတ်သက်ရင်းနှီးခဲ့ဖူးသော နောက်ထပ်မိန်းကလေးတစ်ဦးကတော့ ရီရီလွင် ဖြစ်ပါသည်။ သူကတော့ ကျွန်တော်နှင့် မေဂျာတူ၊ အတန်းတူဖြစ်ပြီး တက္ကသိုလ်ရောက်မှ ခင်မင်ရင်းနှီးခဲ့ရသော မိန်းကလေး ဖြစ်သည်။ သူပုံစံက ပုပုလုံးလုံး ၊ အသားလတ်လတ်နှင့် တစ်မျိုးချစ်စရာကောင်းသည်။ မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးပေါက်ကျယ်ကျယ် ၊ နှာတံလုံးလုံး ၊ နှုတ်ခမ်းထူထူနှင့်မို့ ချောသည်၊လှသည်ဟု ပြော၍မရပေမယ့် ချစ်စရာကောင်းသည် ဟုပြော၍ရသည်။ သူ့အလှက ပူလောင်ခြင်းမရှိသော နွေးထွေးငြိမ်သက်သည့် အလှမျိုး ဟု တင်စားချင်သည်။ သူ့ရဲ့ ထူးခြားတဲ့အမူအကျင့်က အမြဲလိုလိုရယ်ရယ်မောမော ၊ ပျော်ပျော်ရွှင်ရွှင်နေ တတ်ခြင်းဖြစ်သည်။ စကားပြောလျှင်လည်း အပြုံးဖြင့်ပြောတတ်သဖြင့် မျက်နှာချိုသော မိန်းကလေး တစ်ယောက်အဖြစ် လူသိများသည်။

4356319-beautiful-girl-picture.jpg
Photo credit - google

ကျောင်းစာကြည့်တိုက်တွင် သူနှင့်ကျွန်တော် စတင်တွေ့ဆုံခဲ့သည်။ သူလိုချင်သော စာအုပ်ကို လက်လှမ်းမမီ သဖြင့် ကျွန်တော်က သူ့ကိုယ်စားလှမ်းယူပေးရာမှ အစပြုပြီး သူနှင့် ခင်မင်ရင်းနှီးခဲ့သည်။ အစပိုင်းကတော့ အတန်းထဲမှာတွေ့လျှင် ပြုံးပြနှုတ်ဆက်စကားပြောရုံလောက်သာဖြစ်ပေမယ့် တဖြည်းဖြည်းနှင့် သူငယ်ချင်း အရင်းတစ်ယောက်လို ခင်မင်ရင်းနှီးလာသည်။ တစ်ယောက်လိုအပ်သော အကူအညီကို တစ်ယောက်ကပေး ရင်းဖြင့် တစ်စတစ်စ ခင်မင်မှုများ တိုးရစ်နှောင်ဖွဲ့လာသည်။ ကျွန်တော်မသိသော စာများကို သူကရှင်းပြ တတ်သည်။ ကျွန်တော်ကျောင်းပျက်လျှင် သူက စာကူးထားပေးတတ်သည်။ ကျွန်တော်က တစ်နယ် တစ်ကျေးက ကျောင်းလာတတ်ရသူမို့ ကျွန်တော်ဘိုင်ပြတ်လျှင် သူက ကျွန်တော့်အတွက်ပါ ထမင်းချိုင့်ပိုထည့် လာတတ်သည်။ ကျွန်တော်နေမကောင်းဖြစ်လျှင် သူက ကျွန်တော့်အဆောင်အထိတကူးတက လာသတင်းမေး တတ်သည်။ သူငယ်ချင်းတစ်ချို့ကတော့ သူနှင့်ကျွန်တော့်ကို ဝိုင်းစကြသည်။ သူငယ်ချင်းတွေဝိုင်းစတိုင်း သူက ရှက်စနိုးပြုံးတတ်ပေမယ့် ကျွန်တော်ကတော့ သူငယ်ချင်းများကို ဒေါသတကြီးရန်လုပ်တတ်သည်။ ထိုသို့ ရန်လုပ်ရသည့် အဓိကအကြောင်းအရင်းကတော့ ချိုချိုလွင် အထင်လွဲမှာစိုးသောကြောင့်ဖြစ်သည်။

200564692-008.jpg
Photo credit - google

ရီရီလွင့် ကို သူငယ်ချင်း တစ်ယောက်အဖြစ်သာ ဆက်လက်ခင်မင်လိုသည်။ သူ့ကို စိတ်ထဲကနေ ချစ်ကြည့်ဖို့ ကြိုးစားမိသော်လည်း ဘယ်လိုမှချစ်ကြည့်လို့မရသဖြင့် နောက်ပိုင်းတွင်တော့ သူနှင့်ခပ်ဝေးဝေးမှာပဲ နေခဲ့သည်။ မျှော်လင့်ချက်အရိပ်အယောင်ဖြင့် ယှက်သန်းနေသော သူ့မျက်ဝန်းများကို သတိထားမိချိန်ကစပြီး သူ့နှင့် မျက်လုံးချင်းမဆုံမိအောင် ကြိုးစားသည်။ အမြဲလိုလို ပြုံးရွှင်နေတတ်သော ရီရီလွင်တစ်ယောက် ကျွန်တော် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမိသည့် အတောအတွင်း အရယ်အပြုံးနည်းသွားတာကို သတိပြုမိသည်။ အဲ့ဒီလို ကျ ပြန်တော့လည်း ကျွန်တော်က မနေနိုင်ပြန်။ သူ့အနားသွားပြီး အရင်လို ခင်ခင်မင်မင်ပြန်နေမိသည်။ သို့သော် သူနှင့်စကားပြောနေရင်း စကားလမ်းကြောင်းဦးတည်ရာတွေ မမှန်တော့ဘူးဆိုလျှင် စကားလမ်း ကြောင်း လွှဲဖယ်ဖို့ကြိုးစားမိသည်။ သူက နာကျင်ခံခက်စွာဖြင့် ကျွန်တော့်ကိုကြည့်တိုင်း မသိချင်ဟန်ဆောင် မိသည်။ သူ့ကို သနားမိပေမယ့် ကျွန်တော့်ရင်ထဲမှာ နံပါတ်တစ်နေရာယူထားတာက ချိုချိုလွင် ဖြစ်နေခဲ့သည်။

လူတစ်ယောက်ကို တစ်ဖက်သပ် ချစ်နေရတဲ့ ဒုက္ခကို ကျွန်တော်ကောင်းကောင်းသိသည်။ ကိုယ်ချင်းလည်း စာမိပါသည်။ ထို့ကြောင့် သူ့ဖက်က ခံစားချက်တွေ အခုထက်ပို နက်ရှိုင်းမလာခင် ကျွန်တော့်ရင်ထဲက ခံစား ချက်ကို ပြောပြမိသည်။ ကျွန်တော် ချိုချိုလွင်ကို ငယ်စဉ်ကတည်းက တိတ်တခိုး ချစ်ခဲ့ရကြောင်း ၊ ချိုချိုလွင့်နေ ရာတွင် တခြားဘယ်သူ့ကိုမှ အစားထိုးပြီးချစ်၍ မရကြောင်း သူ့ကို ရင်ဖွင့်ပြောပြလိုက်တော့သည်။ သူ့မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့သီနေပေမယ့် ကျွန်တော့် အရှေ့မှာတော့ မျက်ရည်တစ်စက် မကျအောင် ထိန်းထားနိုင်ခဲ့ပါသည်။ သူက တော်ပါသည်။ ကျွန်တော့် အပေါ်စိတ်နာသွားပေမယ့် ကျောင်းပြီးတဲ့အထိ အခင်အမင်မပျက် ပြောဆိုဆက်ဆံခဲ့ပါသည်။ သို့သော် အရင်ကလို ဖက်လှဲတကင်း မရှိလှတော့ပေ။

635910001598421915-954796742_Walking-Away.jpg
Photo credit - google

သူနှင့် ကျွန်တော် ခပ်တန်းတန်းဖြစ်သွားချိန်မှာမှ ချိုချိုလွင်လည်း ယောကျာ်း နောက် လိုက်ပြေးသွားတော့သည်။ ချိုချိုလွင် မင်္ဂလာဆောင် သွားလို့ ကျွန်တော်အလူးအလဲ ခံစားရချိန်မှာ သူ့ဖေးမမှုကို မျှော်လင့်ခဲ့မိပေမယ့် သူက ကျွန်တော့်ကို မသိကျိုးကျွံပြုခဲ့ပါသည်။ သူ့ကိုအပြစ်မတင်ပါဘူး။ ကျွန်တော့်အပြစ်နဲ့ ကျွန်တော်လို့ပဲ ခံယူ ပါသည်။ ကျွန်တော့်ကြောင့် သူ့ရဲ့မိန်းကလေးမာန အများကြီး ထိခိုက်ခဲ့ရသည်။ ကျွန်တော့်အနေနဲ့လည်း ယောကျာ်းတန်မဲ့ ခုတစ်မျိုးတော်ကြာတစ်မျိုး မလုပ်ချင်ပါ။ တဖြည်းဖြည်း နှလုံးသားက သူ့ကိုစာနာသနားပြီး ချစ်လို့ရလာပေမယ့် ဖွင့်မပြောဖြစ်တော့ပါဘူး။ ဖွင့်ပြောလျှင်လည်း သူငြင်းဆန်လိမ့်မယ်ဆိုတာ ကြိုသိနေခဲ့ပါ သည်။

ကျောင်းပြီးတော့ ကျွန်တော်လည်း ကျွန်တော့်ရွာပြန်ပြီး မူလတန်းကျောင်းမှာ လုပ်အားပေးကျောင်းဆရာဝင် လုပ်ခဲ့သည်။ သူနှင့်လည်း အဆက်အသွယ်ပြတ်သွားသည်။ ကျောင်းပြီးလို့ ၃ နှစ်အကြာ၊ တစ်ခုသော သီိတင်း ကျွတ်ကာလမှာ သူ့မင်္ဂလာသတင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရသည်။ သူမင်္ဂလာဆောင် သွားပြီဆိုမှ နှမြောတသဖြစ်ပြီး ဝမ်းနည်းခံစား ခဲ့ရသည်။ သူအနားမှာ ရှိနေချိန်က ကျွန်တော်က ချိုချိုလွင်မှ ချိုချိုလွင် ဖြစ်နေခဲ့သည်။ ယခုသူ အနားမှာ မရှိတော့ဘူးဆိုမှ သူ့ကို တမ်းတမိသည်။ သူပျော်ရွှင်ပါစေဟု ဆုတောင်းပေး ပါသည်။

images (8).jpg
Photo credit - google

နောက်ပိုင်းတော့ ကျွန်တော့်ဘဝကို ကျွန်တော့်ရဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေအတွက်ပဲ နှစ်မြုပ်ထား လိုက်ပါသည်။ တစ်ဦးတည်းသောသားဖြစ်သည့်အတွက် ကျွန်တော့်အချစ်ရေး၊ အိမ်ထောင်ရေးကို မိဘနှစ်ပါးက ကျွန်တော့်စိတ်ကြိုက်သာ စီစဉ်ဖို့ ခွင့်ပြုပါသည်။ ရွာမှာလည်း မိဘနှစ်ပါးက ရွာမျက်နှာဖုံး ဖြစ်သည့်အပြင် ကျွန်တော်ကလည်း ရွာကျောင်းဆရာဖြစ်နေသည့်အတွက် မိန်းမကိစ္စနှင့်ပတ်သက်ပြီး နာမည်ပျက်မရှိအောင် နေထိုင်ခဲ့ပါသည်။ ရွာထဲကရော၊ တခြားရွာတွေကနေပါ အိမ်ထောင်ရေးအတွက် ကမ်းလှမ်းတာမျိုးတွေ ရှိခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်က သဘောမကျခဲ့တဲ့အတွက် အလိမ္မာနဲ့ပဲငြင်းပယ်ခဲ့ပါသည်။

ငြင်းပယ်ရခြင်း အကြောင်းအရင်းကတော့ ချိုချိုလွင်နှင့် ရီရီလွင်မှလွဲ၍ တခြားမိန်းကလေးများကို မချစ်နိုင်၍ မဟုတ်ပါ။ ကိုယ့်ရွာထဲမှ မိန်းကလေးများအကြောင်းကို အတွင်းသိ၊အဆင်းသိ ဖြစ်နေသဖြင့် ချစ်၍မရခြင်း ဖြစ်ပါသည်။ ရွာနားကမြက် ၊ ရွာနွားမစားဘူးဆိုသည့် စကားပုံနှင့် ခိုင်းနှိုင်းလျှင်တော့ ရိုင်းရာကျမလားမသိပေ။ သို့သော် ထိုစကားပုံအတိုင်းပင်ဖြစ်နေပါသည်။ဒီလိုနဲ့ တဖြည်းဖြည်း အသက် ၃၀ ကျော်လာပြီး လူပျိုကြီးစာရင်း ဝင်သွားပါတော့သည်။

@peralwhite

လူပျိုကြီးဖြစ်ရသည့် ဒုက္ခနှင့် အသက် ၄၀ ကျော်မှ ကံပေါ်သည့်အကြောင်းများ ဆက်လက်ရေးသားပါဦးမည်။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူး တင်ပါသည်။ လိုအပ်သည်များကိုလည်း ဝေဖန်အကြံပြုပေးကြပါဦးရှင်။

70 upvotes $2.46

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: