4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူပျိုကြီး နှင့် နောက်ဆုံးအချစ်

အပိုင်း (၄)

အပျိုကြီး မလှသန်းနှင့်ကိစ္စပြီးကတည်း ကျွန်တော့်မှာ မိန်းမဆိုသည့်အသံကြားလျှင်ပင် စိတ်ထဲမှကြောက် လာမိသည်။ အပျိုကြီးရန်မှ လွတ်ကင်းခဲ့ပြီးနောက် ဘုရား၊တရားလည်း ပိုလုပ်ဖြစ်လာသည်။ လူပျိုကြီးဖြစ်ရ သည့် ဘဝကိုလည်း ခုံခုံမင်မင်ရှိလာသည်။ ယခင်က သာရေး၊ နာရေး ကိစ္စမှန်သမျှ တက်ကြွစွာ ပါဝင်ခဲ့ပေမယ့် ယခုနောက်ပိုင်းတော့ နာရေးကိစ္စရှိမှသာလျှင် ကူညီလုပ်ကိုင် ပေးဖြစ်တော့သည်။ ကျွန်တော်တို့ရွာတွင် လူဆိုး၊သူခိုးမရှိသဖြင့် အိမ်တွင်လူရှိပါက အိမ်များခြံများကို သော့ခတ် လေ့မရှိပါ။ သို့သော် ကျွန်တော်မှာ အပျိုကြီးကိစ္စပြီးသည့် နောက်ပိုင်းတွင်တော့ အိမ်ရှေ့၊အိမ်နောက်ဖေး အကုန်သော့ခတ်ထားပါသည်။ ညအိပ်လျှင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ပေ။ တစ်ရေးနိုးချိန်များ အပျိုကြီး ကျွန်တော့်ခြင်ထောင်ထဲ ရောက်နေမလားဆိုပြီး ထစမ်းမိတာလည်း အကြိမ်ကြိမ်ပါပဲ။ အပျိုကြီးနှင့် မင်္ဂလာဆောင်ရသည့် အိပ်မက် တွေမက်ပြီး လန့်နိုးရတာလည်း အခါခါပါပဲ။ ကျွန်တော့်ကို တော်တော်စိတ် ဒုက္ခပေးနိုင်တဲ့ အပျိုကြီးပါပဲ။

locked.jpg
Photo credit - google

လူပျိုကြီးပဲ လုပ်တော့မည်ဟု စိတ်ဒုံးဒုံးချပြီး ရွာထဲတွင်လည်း တစ်သက်လုံးလူပျိုကြီးဘဝနှင့် အရိုးထုတ်တော့ မည်ဟု သတင်းလွှင့်ပြီးချိန်တွင် ကျွန်တော့်တိတ်တခိုးချစ်မြတ်နိုးခဲ့ရသော ချိုချိုလွင်တစ်ယောက် ကလေး ၃ ယောက် လက်ဆွဲပြီး ရွာကိုပြန်ရောက်လာခဲ့သည်။ ရွာသို့ ချိုချိုလွင်ပြန်ရောက်လာပြီဆိုသော သတင်းကြားရ ချိန်တွင် ငြိမ်သက်နေခဲ့သော ဘယ်ဖက်ရင်အုံက ခပ်နွေးနွေးပြန်လည်ခုန်လှုပ်လာသည်။ ချိုချိုလွင်နှင့် မျက်နှာချင်းဆိုင် မတွေ့ရသေးပေမယ့် ချိုချိုလွင့်သတင်းကတော့ တစ်ရွာလုံးအနှံ့ ပျံ့လွင့်နေသည်။ ချိုချိုလွင်တစ်ယောက် ယောကျာ်းဖြစ်သူနှင့် ကွဲလာသည်ဟု ကြားရသလို၊ ယောကျာ်းဖြစ်သူ ဆုံးသွားသည် ဟုလည်းကြား ရသည်။ မည်သည့်သတင်းက အမှန်ဖြစ်သလဲမသိပေမယ့် ကြားရတဲ့သတင်းတိုင်းကတော့ စိတ်ချမ်းသာစရာ မကောင်းပေ။ သူ့မျက်နှာမမြင်ရခင် သူ့သတင်းကြားရရုံနှင့်ပင် သူ့ကို သနား ကရုဏာစိတ် ဝင်မိသည်။ ယခင်ကဆိုလျှင် ကျွန်တော့် စိတ်ထဲ ချိုချိုလွင့်အကြောင်းတွေးမိတိုင်း သူပျော်နေသည့် ပုံရိပ်များကိုပဲ ပုံဖော်ကြည့် နေကျဖြစ်သည်။ ယခုတော့ သူနာကျင်ဝမ်းနည်းနေမည့် ပုံရိပ်ကို ရင်နာနာနှင့်ပင် အစားထိုး ပုံဖော်ကြည့်ရတော့မည်။ ကျွန်တော်ကိုသာ သူရွေးချယ်ခဲ့မည်ဆိုလျှင် အခုလို စိတ်ဆင်းရဲရ မည်မဟုတ်ပေ။

ချိုချိုလွင်နှင့် တွေ့လည်းတွေ့ချင်သည်။ သို့သော်တွေ့ပြန်လျှင်လည်း သူ့ကျွန်တော့်ကို အရင်လို စကားမပြောပဲ နေမှာလည်းစိုးရိမ်သည်။ အခုတော့ အသက်တွေလည်းရလာပြီဆိုတော့ အရင်က အငြိုးအတေးတွေလည်း မေ့ပစ်နိုင် လောက်ပြီဟု မျှော်လင့်ပါသည်။ သူ့အိမ်ကို သွားတွေ့လျှင်လည်း မသင့်တော်ပေ။ သူကလည်း ကျွန်တော့် အိမ်ကို လာတွေ့မည့်သူမဟုတ်ပေ။ သူ့နဲ့တွေ့ရဖို့ စောင့်စားချိန်ဆရင်း တစ်ရက်တော့ လမ်းမှာ မျက်နှာချင်းဆိုင် ဆုံမိပါတော့သည်။ အရင်ကဆိုလျှင် မိန်းကလေးမြင်တာနှင့် မျက်လုံးလွှဲမိပေမယ့် ချိုချိုလွင် ရွာပြန် ရောက်ပြီးသည့် နောက်ပိုင်းတွင်တော့ မိန်းကလေးမြင်လျှင် မသိမသာအကဲခတ် ကြည့်မိပေသည်။ ထိုနေ့က ညနေပိုင်းကျောင်းမှ အပြန်ချောင်းနံဘေးတွင် ဆုံရခြင်းဖြစ်သည်။

richards_riverplantation.jpg
Photo credit - google

ကျွန်တော့်နာမည် ခေါ်သံကြားလိုက်သဖြင့် ခြေလှမ်းလွန်သွားပြီးမှ နောက်သို့ပြန် လှည့်ကြည့်ဖြစ်သည်။ ရုတ်တရက်တော့ မမှတ်မိပေမယ့် သေသေ ချာချာကြည့်ပါမှ ချိုချိုလွင်ဖြစ်နေမှန်း သိရသည်။ သူနဲ့ကွဲကွာခဲ့ရတဲ့ အနှစ် ၂၀ အတွင်း ကျွန်တော်က ဘာမှ မပြောင်းလဲပေမယ့်၊ သူကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားသည်။ ရွာမှထွက်သွားစဉ်က ချိုချိုလွင်နှင့် ရွာသို့ပြန်ရောက်လာသော ချိုချိုလွင် အကွာကြီးကွာသွားသည်။ ယခင်က ပိန်ပိန်သွယ်သွယ်နှင့် လူကြားထဲမှာ ထင်းကနဲနေအောင် လှပသော ချိုချိုလွင်တစ်ယောက် ယခုတော့ ကျွန်တော့် ခန္ဓာကိုယ် နှစ်ကိုယ်စာလောက်မက ဝဖီးနေသော မိန်းမကြီးတစ်ဦး အသွင်ဖြစ်နေခဲ့ပြီ။

ဖြူနုသော အသားက အနည်းငယ်ညိုသွားသည်။ မျက်လုံးတောက်တောက်များနေရာတွင် မှိုင်းဝေသော မျက်လုံးများ အစားထိုး နေရာယူသွားသည်။ ယခင်က အမြဲမြဲလိုလို ဖြန့်ချထားတတ်သော ဆံနွယ်ရှည်တွေက အခုတော့ ဆံထုံးအသွင်သို့ ကူပြောင်းသွားသည်။ နီထွေးသော နှုတ်ခမ်းတစ်စုံကတော့ ဖြူဖျော့သော နှုတ်ခမ်း တစ်စုံအဖြစ်သို့။ ပျိုရွယ်ငယ်နုစဉ်က အလှအပများအားလုံး ပျောက်ကွယ်ပြီး တည်ငြိမ်သော သားသည်အမေ တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့ကိုယ်သူ ချိုချိုလွင်ဟုပြော၍သာ ယုံလိုက်ရသည်။ ထိုသို့ မပြောပါက ချိုချိုလွင် အစစ်ဟု ယုံကြည်ရန်ပင် ခက်ခဲလှသည်။ အနှစ် ၂၀ ဆိုသော အချိန်ကာလက လူတစ်ယောက်၏ လှပပျိုမြစ်မှုတွေအကုန်လုံးကို ဝါးမျိုနိုင်လောက်အောင် အစွမ်းထက်လှပေသည်။

184944843.jpg
Photo credit - google

ချိုချိုလွင်၏ ပြောင်းလဲမှုများစွာထဲမှာ ကျွန်တော့်ကို ပြန်လည် ရင်းနှီးစွာဆက်ဆံသော ပြောင်းလဲမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။ သူက ကျွန်တော့်ကို ဘာမှမပြောင်းလဲသေးဘူး ဟုပြောသည်။ သူ့ကိုစောင့် နေတာလားဟု စသလို ၊ နောက်သလိုနှင့် ပြောသဖြင့် ကျွန်တော့်မှာ ဘာဖြေရမှန်းပင်မသိပေ။ ကျွန်တော် ချစ်ခဲ့သော ချိုချိုလွင်က ကျောင်းတုန်းက အလှဘုရင်မ ချိုချိုလွင်ကိုပါ။ အခုလို ဖက်တီးပုတ် ချိုချိုလွင်ကိုတော့ အမှန်အတိုင်း ဝန်ခံရလျင် မချစ်နိုင်တော့ပါ။ ကျွန်တော့်အချစ်က အလှအပပေါ်မူတည်ပြီး ချစ်ခဲ့တဲ့ အပေါ်ယံ အချစ်တစ်ခုမျှသာ ဖြစ်ကြောင်းကိုလည်း အချိန်လွန်မှ ရှက်ရွံစွာ သိနားလည်လိုက်သည်။ အခုတော့ ချိုချိုလွင် ကျွန်တော့်ကို ငြင်းလိုက်တာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ သူသာ မငြင်းခဲ့ပဲ ကျွန်တော်နှင့်ယူဖြစ်ခဲ့လျှင် ကျွန်တော် ယခုလို အေးအေးနေနိုင်မည်မဟုတ်ပဲ သားအကြွေး၊ မယားအကြွေးကို တစ်ဘဝလုံးနှင့်ရင်းပြီး ဆပ်ရ တော့မည်။ အဖေ့ပြောစကား မှန်မှန်းအခုမှသိသည်။ တစ်သက်လုံး လူပျိုကြီး ဖြစ်ရတာကို မကျေနပ်ခဲ့ သော်လည်း အခုတော့ လူပျိုကြီးဖြစ်ရတာကိုပဲ ကျေနပ်သလိုရှိမိသည်။ အချစ်၊အချစ်ဟု ရဲရဲတောက် ကြွေးကြော်ခဲ့သော ကြွေးကြော်သံလည်း အခုတော့ ပျောက်ချင်းမလှပျောက်ဆုံး သွားတော့သည်။

ချိုချိုလွင်၏ ကလေးများအနက် သမီးအငယ်ဆုံးလေးမှာ ကျွန်တော့်၏ တပည့် ဖြစ်လာသည်။ မေလွင် ဟုအမည်ရသော သမီးအငယ်ဆုံးလေးက အသက် ၇ နှစ်သာရှိသေးသော်လည်း သွက်သွက်လက်လက်နှင့် ချစ်စဖွယ် ကောင်းလှသည်။ ချိုချိုလွင် အငယ်စားလေးဟု ပြောရလောက်အောင်ပင် ချိုချိုလွင်နှင့် တူလှသည်။ ထိုသမီးလေး အရွယ်ရောက်လာလျှင်လည်း ချိုချိုလွင်ကဲ့သို့ အလှဘုရင်မတစ်ဦး ဖြစ်လာဦးမှာ မြင်ယောင် မိ သည်။ သို့သော် ထိုအလှကိုယစ်မူးသော ခပ်ပေါ့ပေါ့သူဌေးသားမျိုးနှင့် ခိုးရာလိုက် မပြေးပါစေနှင့်ဟု ဆုတောင်း မိသည်။

ကျွန်တော့်တစ်ဘဝလုံး တနုံနုံနှင့် လူပျိုကြီးဖြစ်ရသည့်ဘဝကို မကျေမနပ်ဖြစ်ခဲ့သော်လည်း အခုတော့ လူပျိုကြီး ဖြစ်နေတာကိုပဲ တန်ဖိုးထားဂုဏ်ယူမိပြန်သည်။ အသက် ၄၀ မပြည့်ခင်က ထားရှိခဲ့သော ထင်မြင်ချက်နှင့် ယခု ၄၀ နောက်ပိုင်းတွင် သိရှိလာသော ထင်မြင်ချက်တို့လည်း အကွာကြီးကွာခဲ့ပြီ။ ၁၅၀၀ ကိလေသာအချစ်ဟာ ပူလောင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲတတ်တဲ့ သဘောရှိကြောင်းကို နားလည်တတ်ခဲ့ပြီ။ လူသားတိုင်းရဲ့ ပထမ ဆုံးနဲ့ နောက်ဆုံးအချစ်ဟာ ကိုယ့်ကိုယ်ကိုသာလျှင် ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း သဘောပေါက်ခဲ့ပြီ။ ၄၀ ကျော်မှ ဘဝစတယ်လို့ ပြောတတ်ကြပေမယ့် တကယ်တမ်းအသက် ၄၀ ကျော်လာတော့ အရင်လို ကျန်းမာ တဲ့ခန္ဓာကိုယ် မရှိချင်တော့ပေ။ မျက်စိကမှုန်၊ ဒူးကနာ၊ ခါးကကိုက်တဲ့အပြင် သွေးကပါ တိုးချင်လာသည်။ ဘယ်လိုပဲပြောပြော ဇရာရဲ့သဘောကတော့ ပြချင်လာပြီ။

1.jpg
Photo credit - google

ဘဝသက်တမ်း ၃ ပုံပုံလျှင် ၂ ပုံနီးပါး ကုန်လွန်ခဲ့ပြီဖြစ်သော ကျွန်တော့်ဘဝဖြတ်သန်းမှုမှာ ကြီးကြီးမားမား နောင်တရစရာဟူ၍ မရှိခဲ့သလို၊ တင်းတင်းကြပ်ကြပ် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ သံယောဇဉ်ကြိုးဟူ၍လည်း မရှိသဖြင့် အခုနေသေရမည်ဆိုလျှင်တောင် စိတ်အေး လက်အေး သေနိုင်ပါပြီ။ အကယ်၍သာ မျက်စိလယ် လမ်းမှား၍ မိန်းမရခဲ့ပါက ယခုအချိန်တွင် သားအတွက်၊ မယားအတွက် မနားမနေရှာဖွေ ရုန်းကန်နေရပြီး ရုတ်တရက် သေရမည်ဆိုလျှင်တောင် အသေဖြောင့်မည်မဟုတ်ပေ။ အခုတော့ တစ်ကိုယ်တည်း လူပျိုကြီး လုပ်ခဲ့သည့် အကျိုးကြောင့် အပူအပင်ကင်းကင်းနဲ့ အနိစ္စသဘောကို နှလုံးသွင်းရင်း ဘဝရဲ့ လက်ကျန် အချိန်များကို ငြိမ်းချမ်းမှုများဖြင့်သာ ထုဆစ်ပုံဖော်သွားပါတော့မည်။

@pearlwhite

ပြီးပါပြီ။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ လိုအပ်ချက်များကို ဝေဖန်အကြံပြုပေးကြပါ ဦးရှင်။

52 upvotes $1.78

Replies (29)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: