4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အိမ်မက်ရှည်မှတ်စု

တစ်နေ့မှာ ကိုယ်ပိုင်ခြံလေးနဲ့ အိမ်လေးတစ်လုံးဆောက်ပြီး ကျမတို့မိသားစု သီးသီးသန့်သန့်လေး နေနိုင်ခဲ့ရင်လေ....
ချက်ခြင်းအိမ်ပြောင်းတာမျိုး မလုပ်သေးဘဲ အခုလက်ရှိနေနေတဲ့ မိဘတွေအိမ်မှာနေရင်းကဘဲ ကျမတို့နေမယ့် ခြံလေးကို ပိုပြီးလှပပြည့်စုံအောင် တဖြည်းဖြည်း ဖန်တီးယူသွားမယ်လို့ စိတ်ကူးထားပါတယ်....
အရင်ဦးဆုံး အပူဒါဏ်ဆို သိပ်ကြောက်တတ်တဲ့ ကျမနဲ့သမီးလေး နေသာထိုင်သာရှိအောင် ခြံလေးထဲမှာ အရိပ်ရစေမယ့် နှစ်ရှည်ခံအပင်လေးတွေ အရင်စိုက်ထားမယ်....ပြောသာပြောရတာ,ကျမယောက်ကျားကလည်း အညာသားဆိုပေမယ့် အပူဒါဏ် သိပ်မခံနိုင်ရှာဘူး...အဲ့ဒီ့တော့ ကျမတို့တစ်မိသားစုလုံး တစ်သက်လုံးနေသွားရမယ့် ခြံလေးထဲမှာ အမြဲအေးအေးချမ်းချမ်းလေးဖြစ်နေအောင် အပင်လေးတွေကြိုစိုက်ထားဖို့က နံပါတ်တစ် အရေးကြီးဆုံးအချက်ထဲမှာ ပါနေတာပေါ့လေ....
ချွေချွေတာတာ ခြစ်ခြစ်ကုတ်ကုတ်လေးနဲ့သာ စုဆောင်းရင် အိမ်မဆောက်နိုင်သေးလည်း ခြံလေးတစ်ခြံကတော့ မဝေးတော့တဲ့အချိန်လေးတစ်ခုမှာ ဝယ်နိုင်ကောင်းပါတယ်...သင့်တင့်လျောက်ပတ်ပြီး ပြည့်စုံလှပတဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်ဖို့ ထပ်ပြီးကြိုးစားနေတဲ့ အချိန်အတောတွင်းလေးမှာ ကြိုဝယ်ထားတဲ့ ခြံလေးကို သစ်ပင်ပန်းမန်လေးတွေနဲ့ လှပစိုပြေလာအောင် ကြိုးစားဖန်တီးယူဖို့ အချိန်လေးလည်းရသွားတာပေါ့.....
IMG_20180415_180717.jpg
သစ်ပင်လေးတွေမစိုက်ခင်မှာ ခြံလေးကို ရာသီသုံးပါးလုံး မိုးလေကင်းလွတ်ပြီး ရေဝပ်ရေလျှံတာမျိုးမဖြစ်အောင် မြေသားတွေနဲ့ဖို့ပြီး တောင့်တင်းခိုင်မာတဲ့ foundationရအောင် အရင်ပြု ပြင်ထားမယ်...foundationကောင်းတဲ့ မြေသားတွေနဲ့အဆင်သင့်ဖြစ်နေတဲ့ခြံလေးဆိုရင် အိမ်ဆောက်တဲ့အချိန်မှာလည်း ပိုပြီးsafeဖြစ်နိုင်တာပေါ့...
ခြံလေးကို အုတ်တံတိုင်းလေးနဲ့ အခိုင်အမာခတ်ပြီး သံပန်းတံခါးနဲ့ ခြံစည်းရိုးကိုတော့ သေချာလေးအကျအန ခတ်ထားမှဖြစ်မှာ....မနေဖြစ်သေးလည်း အိမ်တစ်အိမ်အဖို့ မမြင်နိုင်တဲ့ မျိုးစုံသော အန္တရာယ်တွေ မဝင်ရောက်နိုင်ဖို့အတွက် အဟန့်အတားဖြစ်နေဖို့က ခြံစည်းရိုးက အဓိကကျတယ်လေ,
အဲ့ဒီ့အတွက်တော့ ကုန်သင့်တဲ့ငွေ ကုန်ဖို့ရာအတွက် နှမြောနေလို့မဖြစ်ဘူး....

ခြံစည်းရိုးခတ်ပြီး ခြံထဲမှာရေလွတ်တဲ့အထိ မြေသားတွေဖို့ပြီးပြီဆိုမှ အပင်လေးတွေကို စနစ်တကျစိုက်ပျိုးမယ်...
ခြံခေါင်းရင်းထောင့်လေးမှာ အရိပ်ရစေမယ့် သရက်ပင်လေးတွေစိုက်မယ်,ပိန္နဲပင်လေးတွေလည်း သရက်ပင်လေးတွေနဲ့အတူ တန်းစီပြီးစိုက်မယ် ဒါမှ ပိန္နဲသီးဆိုရင် လသားအရွယ်လေးတည်းကအားရပါးရ စားတတ်တဲ့ သမီးလေးနဲ့ သရက်သီးကြိုက်တတ်တဲ့ သမီးလေးရဲ့ဖေဖေအတွက် အသီးလေးတွေစားရ အရိပ်အာဝါသလည်းရဖြစ်ပြီး အဆင်ပြေနေမှာ...
ခြံရှေ့မျက်နှာစာကိုတော့ ကျမအကြိုက်အလှအပလေးတွေဖြစ်အောင် ဖန်တီးမယ်,ပထမဆုံး ခြံစည်းရိုးအပြင်ဘက် တစ်ဖက်တစ်ချက်စီမှာ ညနေခင်း နေအေးတဲ့အချိန် ထွက်ထိုင်လို့ရအောင် အုတ်ထိုင်ခုံလေးတွေဆောက်ထားမယ်,လမ်းသွားလမ်းလာတွေလည်း အရိပ်ရအောင် မြန်မြန်ကြီးထွားလွယ်တဲ့ ဗာဒံပင်လေးတွေနဲ့ မျက်စိပဒါသဖြစ်ပြီး လှပနေစေမယ့် စိန်ပန်းပင်,အပွင့်လေးတွေကြွေကျတိုင်း မွှေးပျံ့နေစေမယ့် ခရေပင်လးတွေကို တစ်ဖက်ခြမ်းစီမှာ မျှ စိုက်မယ်,
(အပွင့်အခက်လေးတွေ လှပဝေဆာဖို့ကိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာပေါ့နော်)....
ခြံထဲမှာအမြဲတမ်း လာနေနိုင်ပြီဆိုမှ အပင်အောက်လေးမှာ သောက်ရေအိုးစင်လေးထားပြီး လမ်းသွားလမ်းလာတွေကို ရေလှူ ပြီး ကုသိုလ်ယူဦးမယ်..
အရှေ့ခြံစည်းရိုးနဲ့ကပ်ရပ်လေးတွေမှာတော့ စက္ကူ ပန်းပင်လေးတွေနဲ့ အချိန်မရွေးခူးပြီး ဘုရားလှူလို့လည်းရစေမယ့် ရွက်လှပင်မျိုးစုံနဲ့ ဂမုန်းပန်းပင်,စံပါယ်ပင်လေးတွေကို အစီအရီစိုက်မယ်..,
ရေချိုးအဝတ်လျှော်ဖို့နေရာရယ်, ရေသိုလှောင်ဖို့အတွက် အုတ်ရေကန်လေးနဲ့အဝီစိတွင်းလေးတွေရယ်ကိုတော့ ခြံခြေရင်းဘက်ထောင့်မှာ ထားဖို့များတဲ့အတွက် အဲ့ဒီ့နေရာက မြေသားလေးတွေက ရေဓါတ်ပြည့်ဝပြီး အမြဲစိုစွတ်နေမှာ,
ဒါကြောင့်မို့ အုန်းပင်လေးတွေ,ငှက်ပျောနဲ့ သင်္ဘောပင်လေးတွေကို ရေတကူးတကလည်းလောင်းစရာမလိုအောင် သေချာလေး စိုက်ထားရမယ်,,,သြော် ကျန်သေးတယ်..အုန်းပင်လေးတွေရဲ့ကိုယ်ထည်လေးတွေမှာလည်း ကျမရဲ့အကြိုက်ဆုံးဖြစ်တဲ့ သစ်ခွပန်းမျိုးစုံကိုလည်း ကပ်ပြီးစိုက်ထားရဦးမယ်..,
ခြံနောက်ဖက်ခြံစည်းရိုးမှာတော့ 'အိမ်နောက်ဖေးဈေးဆိုင်တည်'ဆိုတဲ့ စကားပုံလေးအတိုင်း မန်ကျည်းပင်,ခံတက်ပင်လေးတွေ စိုက်မယ်, အိမ်ဆောက်ပြီးမြေကွက်လပ်လေးပိုတော့မှ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်တိုင်စိုက်ပြီး လတ်လတ်ဆတ်ဆတ်စားလို့ရစေမယ့် ချဉ်ပေါင်,ကန်စွန်း,ပဲတောင့်ရှည် ,ခရမ်းနဲ့ငရုတ်ပင်လေးတွေကို အလှည့်ကျစိုက်ပျိုးမယ်.,
IMG_20180514_193039.jpg
ကျမရဲ့စိတ်ကူးလေးအတိုင်း တစ်ချိန်ကျရင် ကျမတို့မိသားစု အေးအေးချမ်းချမ်း နေထိုင်ရဖို့အတွက် အချိန်တစ်ခုတော့ ရင်းနှီးပြီး ကျမတို့တတွေ ကြိုးစားရဦးမှာပါ.,
ကျမဘာလို့ ဒီလိုတွေ စိတ်ကူးယဉ်နေရလဲ ?? ဆိုတဲ့ အတွေးလေးတွေ စာဖတ်သူတို့ရဲ့ စိတ်ကူးထဲမှာ တွေးကောင်းတွေးနေမယ်လို့ ကျမထင်ပါတယ်,
ကျမစိတ်ကူးလေးရဲ့ အခြေခံအကြောင်းအရာလေးကိုလည်း ကျမပြောပြခြင်ပါတယ်,
ကျမတို့တတွေဟာ တဖြည်းဖြည်းဖောက်ပြန်လာတဲ့ ရာသီဥတုနဲ့အတူ အပူချိန်တွေလွန်ကဲသထက် လွန်ကဲလာတဲ့ပါတ်ဝန်းကျင်ထဲမှာ သက်တောင့်သက်သာနဲ့ နေထိုင်ခွင့်ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြရပါတယ်,
ကမ္ဘာမြေကြီးတစ်ခုလုံး အေးချမ်းသွားဖို့ မစွမ်းဆောင်နိုင်ပေမယ့် အိမ်ရှင်မတစ်ယောက်အနေနဲ့ ကျမမိသားစုနဲ့ကျမပါတ်ဝန်းကျင် သာယာစိုပြေဖို့ကိုတော့ ကြိုးစားနိုင်စွမ်းပါတယ်..,
ကျမအနေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ သဘာဝပါတ်ဝန်းကျင် မပျက်ဆီးအောင် တီထွင်ကြံဆဖို့ ဥာဏ်မမီသေးပါဘူး,
သိုးပေမယ့် Air-conတွေဖွင့် ပန်ကာတွေအားကိုးပြီး အိမ်တွင်းအောင်းရင်း အပူဒါဏ်ကို အံတုနေမယ့်အစား ကိုယ့်ပါတ်ဝန်းကျင်အေးချမ်းဖို့ တစ်နိုင်တစ်ပိုင်အားထုတ်ကြိုးစားရမယ့် တာဝန်တစ်ရပ်ကိုတော့ အမြဲမမေ့လျော့ဘဲ ရှိနေခဲ့ပါတယ်,
ဒါကြောင့်မို့ အခုအချိန်မှာတော့ ကျမတို့မိသားစုလေးဟာ ကျမတို့ရဲ့ စိတ်ကူးထဲက အိမ်လေးသာ အမြန်အကောင်အထည်ပေါ်သွားရင်ဆိုတဲ့ ကြည်နူးဖွယ်ရာအတွေးလေးနဲ့သာ လက်ရှိအချိန်တွေကို အကောင်းဆုံးကြိုးစားရင်း ဖြတ်သန်း နေမိပါတော့တယ်။
Author:@sandipoe
MSC.035
IMG_20180511_170312.jpg

69 upvotes $0.85

Replies (29)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: