4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ထွေလီဆန်းပြား တစ်ချို့သောဣတ္ထိယများ

ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကကြီးကို ဖြတ်သန်းနေကြရတဲ့ ကျမတို့တွေဟာ နိစ္စဓူဝဆိုသလို ရိုးစင်းလှတဲ့ သမရိုးကျဖြစ်ရပ်တွေကအစ မရိုးစင်းလှတဲ့ ထူးခြားဆန်းပြားလှတဲ့ ဖြစ်ရပ်တွေအလယ် ပျော်ရွှင်ဖွယ်,ရင်နင့်ဖွယ်,လွမ်းမောဖွယ်,ကြောက်မက်ဖွယ်အဖြစ်အပျက်တွေအဆုံး တွေ့ကြုံခံစား ရင်ဆိုင်ရလေ့ ရှိတတ်ကြပါတယ်,
ဒီဖြစ်ရပ်တွေရဲ့ ဇါတ်ဆောင်တွေနေရာမှာ ကျမတို့ကိုယ်တိုင်လည်း ပါဝင်တတ်သလို ကိုယ်မဟုတ်တဲ့ကိုယ့်ပါတ်ဝန်းကျင်ကလူတွေ,တစ်ခါတစ်ရံ ကိုယ်နဲ့အရင်းနှီးဆုံးမိတ်ဆွေတွေတောင် ထူးခြားတဲ့ဇာတ်ကွက်တွေကို သရုပ်ဆောင်နေကြရတဲ့ ဇါတ်ဆောင်တွေအဖြစ်ကို ရောက်ရှိသွားတတ်ကြပါတယ်,

အသက်တစ်ရာနေရဖို့မသေချာပေမယ့် အမှုပေါင်းတစ်ရာကြုံရဖို့တော့ ကျိန်းသေနေတဲ့လူ့လောကကြီးထဲမှာ ဒီလိုတစ်ချို့ သောဖြစ်ရပ်ဆိုးတွေ ရှိနေတတ်တာလည်း မဆန်းပါဘူးလေ,
ကိုယ်ကြုံတွေ့ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေပေါ်မှာ သင်ခန်းစာမယူဘဲ ကိုယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မိပြီး မှားမှန်းမသိ မှားယွင်းသွားတဲ့ လူသားတွေ မဖြစ်အောင်သာ ဆင်ခြင်ရမှာပါ,
အထူးသဖြင့် မဟာပုရိသနဲ့ မဟာဣတ္ထိယတို့ အတူယှဉ်တွဲနေထိုင်ကြရတဲ့ လောကကြီးထဲမှာ အမှားပိုင်ရှင်တွေဟာ ယောက်ကျားတွေလည်းများပြားစွာဖြစ်တတ်ကြသလို မိန်းမတွေလည်းတစ်ခါတစ်ရံ ဆန်းပြားလှတဲ့ သရုပ်ဆောင်တွေ ဖြစ်သွားတတ်ကြပြန်ပါတယ်.,
အကောင်းအဆိုးဆိုတာ ပြုလုပ်သူနဲ့သာဆိုင်လို့ ယောက်ကျားရယ် မိန်းမရယ်လို့ ခွဲခြားမနေကြဘဲ ဆင်ခြင်တုံတရားနဲ့အသိဥာဏ်ရှိဖို့သာ ကြိုးစားရမှာပါ....
တစ်ခုတော့ရှိတာပေါ့လေ,ယောက်ကျားဖြစ်စေ မိန်းမဖြစ်စေ ကိုယ်မှားလိုက်တဲ့အမှားတစ်ခုဟာ ကိုယ့်ပါတ်ဝန်းကျင်က တစ်စုံတစ်ဦးရဲ့ပယောဂကြောင့် မှားမိလိုက်တဲ့အမှားမျိုးဆိုရင်တော့ ပိုပြီးရင်နာစရာကောင်းတယ်လို့ မှတ်ယူရမှာပါ..,

ဒါကြောင့်မို့ ဒီတစ်ပါတ်ဆောင်းပါးမှာ ကျမက ကျမပါတ်ဝန်းကျင်မှာမြင်တွေ့ဖူးတဲ့ ထူးခြားဆန်းပြားတဲ့ ဇါတ်ဆောင်တွေဖြစ်သွားကြတဲ့ မဟာဣတ္ထိယတွေရဲ့ဖြစ်ရပ်တွေကို ရေးသားတင်ပြရင်း စာဖတ်သူတွေအားလုံးလည်း သင်ခန်းစာယူနိုင်အောင် ကျမရဲ့အမြင်နဲ့သုံးသပ်ချက်တစ်ချို့ကိုလည်း ပြောပြခြင်ပါတယ်။

ပထမဆုံး ဒီဆောင်းပါးထဲမှာ ရေးသားတင်ပြခြင်တဲ့ ဇါတ်ကောင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးရှိပါတယ်,သူတို့တွေကတော့ တစ်စုံ်တစ်ယောက်ရဲ့ပယောဂကြာင့် အမှားပိုင်ရှင်ဖြစ်သွားရှာတဲ့ အမျိုးသမီးနဲ့ ကိုယ်ကိုယ်တိုင်အမှားသံသရာထဲမှာ ပျော်မွေ့နေရှာတဲ့ အမျိုးသမီးတို့ဘဲဖြစ်ပါတယ်.,

ပထမအမျိုးသမီးနာမည်က ဒေါ်စိုး(နာမည်လွှဲ)ပါ။ကျမရဲ့ဇာတိမြို့ကပါဘဲ။ဒေါ်စိုးလို့ပြောလိုက်ရင် ကျမတို့တစ်မြို့လုံးမှာ သူ့ကိုမသိတဲ့လူမရှိပါဘူး။သူ့ရဲ့ခင်ပွန်းလုပ်သူက အရင်ခေတ်အခါက နယ်ထိန်းဆိုတော့ အတော့်ကိုလည်း ပြည့်စူံကြွယ်ဝကြပါတယ်။သူတို့တွေ ခေတ်ကောင်းစဉ်အချိန်အခါက ကျမတို့ဆို သုံး လေးတန်းအရွယ်လောက်ဘဲရှိပါသေးတယ်။သူတို့နှစ်ယောက်လုံးမှာ သားသမီးဆိုလို့ သားလေးတစ်ယောက်ဘဲရှိပါတယ်။အဲ့ဒီ့အထိပြသနာမရှိသေးပါဘူး။ပြသနာက သူ့တို့သားအရွယ်ရောက်တဲ့အချိန်မှာ စတာပါ။ဒေါ်စိုးရဲ့ယောက်ကျားလုပ်သူက ဝင်ငွေကောင်းတဲ့ ရဲတစ်ယောက်ဆိုတော့ ငွေမက်တဲ့မိန်းမတစ်ချို့က အိမ်ထောင်ရှိတာတွေဘာတွေ နားမလည်ကြတော့ဘဲ ချဉ်းကပ်ကြပါတယ်။တိုတိုပြောရရင် ဒေါ်စိုးယောက်ကျားဟာ တစ်မြို့တည်းနေအသက်ခပ်ငယ်ငယ် ရုပ်ရည်အတော်အသင့် ပြေပြစ်လှပတဲ့ အငယ်အနှောင်းလုပ်လိမ့်မယ်လို့ကို မထင်ရလောက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ငြိစွန်းသွားခဲ့ပါတယ်။ဒေါ်စိုးဟာ သူသိပ်ချစ်လှတဲ့ ယောက်ကျားရဲ့ချစ်ခြင်းမေတ္တာတွေလည်း ဆုံးရှုံးလိုက်ရသလို သူပိုင်ဆိုင်ထားတဲ့ သာယာစိုပြေလှတဲ့ မိသားစုဘဝလေးလည်း တဖြည်းဖြည်းခြောက်ကပ်လာရပါတယ်။

အဲ့ဒီ့မှာတင် ဒေါ်စိုးက သူ့ရဲ့အထီးကျန်မှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ်မခံစားနိုင်တော့တဲ့အဆုံးမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ထုတ်ပြလာပါတော့တယ်။သူ့ရဲ့အသက်အရွယ်နဲ့မလိုက်စွာ အလှအပတွေကိုလည်း ပြင်ဆင်ခြယ်သလာပါတယ်။ပျော်ပွဲရွှင်ပွဲတွေဖြစ်တဲ့ ရပ်ကွက်ဘုရားပွဲရဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာ သူ့ယောက်ကျားနဲ့ပါတ်သက်တဲ့ သူ့ရဲ့ခံစားချက်တွေကို သီချင်းတွေဝင်ဆိုရင်းနဲ့လည်း ထုတ်ဖော်ခဲ့ပါတယ်။ဒါဟာ ဆန်းပြားတဲ့ကိစ္စတော့ မဟုတ်ပေမယ့် သူ့အသက်အရွယ်နဲ့မလိုက်ဖက်စွာ ခေတ်ပေါ်အသဲကွဲသီချင်းတွေကို သရုပ်ပျက်တဲ့အဝတ်အစား,လှုပ်ရှားကပြမှုပုံစံတွေနဲ့ နှစ်တိုင်းလိုလို ဝင်ဆိုခဲ့တာကြတော့ အများရဲ့လှောင်ပြောင်ကဲ့ရဲ့မှုတွေကြားမှာ သူ့အတွက် စိတ်မသက်မသာဖြစ်မိရပါတယ်။

ကျမ ၁၀တန်း ရန်ကုန်မှာကျောင်းသွားတက်တဲ့အချိန်မှာ ဒေါ်စိုးယောက်ကျားဟာ ကွယ်လွန်သွားခဲ့ပါတယ်။ယောက်ကျားမဆုံးခင်ကတည်းက ယောက်ကျားကိုအရွဲ့တိုက်တဲ့ ပုံစံတွေနဲ့ နေထိုင်လာခဲ့တဲ့ ဒေါ်စိုးဟာ သူ့ယောက်ကျားဆုံးပြီးချိန်မှာလည်း သူ့ရဲ့နေထိုင်မှုပုံစံတွေဟာ အံ့သြလောက်အောင်ကို ထပ်ပြီးပြောင်းလဲသွားခဲ့ပါတယ်။ယောက်ကျားဆိုရင် သူ့သားအရွယ်ကအစ သူ့မျက်စိထဲသဘောကျ နှစ်သက်မိတဲ့သူမှန်သမျှကို ကျီစယ်စနောက်ပြီး ရောနှောနေထိုင်လွန်းလို့ တော်ရုံ သီးသီးသန့်သန့်နဲ့ နေတတ်တဲ့ ယောက်ကျားတွေရဲ့ပါးစပ်ဖျားမှာ သူဟာမိန်းမဆိုးကြီးတစ်ယောက်လို ရွံကြောက်ကြီးဖြစ်သွားခဲ့ရပါတယ်။သူ့သားကိုယ်တိုင်တောင် သူ့အမေရဲ့အရိပ်အောက်မှာ မနေနိုင်တော့ဘဲ အဝေးမှာအလုပ်သွားလုပ်ရင်းနဲ့သာ အမေကိုထောက်ပံ့ခဲ့ပါတယ်။အဲ့ဒီ့မှာတင် ဒေါ်စိုးဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့ဘဝနေဝင်ချိန်ကို အထီးကျန်မှုတွေနဲ့သာ ဖြတ်သန်းရင်း နောက်ဆုံးမှာတော့ လောကီလူ့လောကကြီးကို အပြီးတိုင်နှုတ်ဆက်ပြီး သီလရှင်ဝတ်သွားခဲ့ပါတယ်။

အရင်းနှီးဆုံးရန်သူရဲ့ ပယောဂတွေကြောင့် အမှားသံသရာထဲကို ရောက်မှန်းမသိ ရောက်သွားရတဲ့ ဒေါ်စိုးရဲ့အဖြစ်က အရမ်းကို ရင်နာစရာကောင်းလွန်းပါတယ်။ဒါ့ကြောင့် ကျမပြောခြင်တာက အိမ်ထောင်ရှင်အမျိုးသားဘဲဖြစ်စေ အမျိုးသမီးဘဲဖြစ်စေ ကိုယ့်အိမ်ထောင်ဖက်နဲ့ပါတ်သက်ပြီး ဘယ်တော့မှအရွဲ့မတိုက်ကြပါနဲ့။ကိုယ့်အိမ်ထောင်ဖက်ရဲ့ဂရုစိုက်မှုတွေ,စိတ်အာရုံတွေပြန်ရဖို့တစ်ခုတည်းနဲ့ ကိုယ့်ဘဝကြီးကိုအနစ်နာခံ,roleအကျခံပြီး ကလေးကလားဆန်ဆန်တွေလည်း မလုပ်ကြပါနဲ့။အထူးသဖြင့် ခုလိုဖောက်ပြန်မှုခံရတဲ့ အခြေအနေမှာဆိုရင် စိတ်ထားတတ်ဖို့,နေတတ်ဖို့ဆိုတာ တကယ်ကို လိုအပ်ပါတယ်။ကိုယ်ခြင်းမစာလို့ စကားအကုန်ပြောတာမဟုတ်ပါဘူး။တကယ်တမ်း ကိုယ့်အိမ်ထောင်ဖက်ကဖောက်ပြန်လို့ ကိုယ်ခံစားရလည်း တစ်လ နှစ်လထက်မပိုပါဘူး။အဲ့ဒီ့အပြင် ကျမတို့ဟာ အလုံး အရပ် လျော့သွားမှာမဟုတ်တဲ့အတွက် ပိုးဖလံလို မီးထဲတိုးနေကြတဲ့ ဖောက်ပြန်သူတွေသာလျင် အရှက်သိက္ခာတွေ zeroဖြစ်ပြီး သူများတံတွေးခွက်မှာ ပက်လက်မြောကြရမှာပါ။ဆိုတော့ကား ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် တစ်ပါးသူရဲ့အမှားကြောင့် ကိုယ်လိုက်မမှားပါနဲ့။တစ်ပါးသူရဲ့ပယောဂကြောင့် ကိုယ့်ဘဝကိုယ်အနစ်နာခံပြီး မဖျက်ဆီးလိုက်ကြပါနဲ့။သူကသူ ကို
ုယ်ကကို ကိုယ့်သမိုင်းကိုယ်ရေးရမှာဖြစ်တဲ့အတွက် ကိုယ့်သမိုင်းစာမျက်နှာကိုတော့ ဘယ်တော့မှ အစွန်းအထင်းမခံကြပါနဲ့။အဆိုးဆုံးတွေနဲ့ကြုံလာရင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ခံစားသင့်ရင်ခံစားပြီး ကိုယ့်ဘဝကို အလှပဆုံး ပြန်တည်ဆောက်ကြပါလို့ ပြောကြားရင်း ကျမရဲ့ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။
နောက်တစ်ပါတ်ဆောင်းပါမှာ ကိုယ်ကိုယ်တိုင် အမှားသံသရာထဲမှာ ပျော်မွေ့နေတဲ့ လောင်းကစားမက်တဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းနဲ့အတူ ကျမတွေ့ကြုံဖူးတဲ့ အခြားသော ထူးခြားဆန်းပြားတဲ့ ဣတ္ထိယတွေရဲ့အကြောင်းကိုလည်း ဆက်လက်ရေးသားသွားပါဦးမယ်။
Author:@sandipoe
MSC.035
received_2060912324234226.jpeg

75 upvotes $1.57

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: