4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပေတစ်ရာပေါ်က ကားစကား

IMG_20180324_072015.jpg
Fig: အင်းတော်ကြီးမှာ ခဏတာ...

ခရီးသွားရတာ အလွန်ကြိုက်နှစ်သက်တဲ့ ကျွန်မတို့ မိသားစုသည် အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် ရက်ရှည်လေးများ ပိတ်သည်နှင့် အိမ်ကို မကပ်ချင်ကြ ။ တစ်နေရာမဟုတ် တစ်နေရာသို့ သွားရောက် လည်ပတ်ရန်သာ ချောင်းနေကြသည့် မိသားစု ဖြစ်ပေသည်။ သို့ဖြစ်သည့်အားလျော်စွာ ခရီးတို ၊ ခရီးရှည် လေးများ မကြာခဏဆိုသလိုပင် သွားကြ လာကြတာမို့ အဝေးပြေးလမ်းမများ သည် ကျွန်မတို့နှင့် သိပ်မစိမ်းလှ။ ထိုသို့သွားလာကြသည့် အခါတိုင်း ကားကိုအကြောင်းပြုသည့် လူတို့၏ မနော ကိုလည်း ပိုမို စောကြောမိလာရသည်။

အဝေးပြေးတွင်ဖြစ်စေ ၊ မြို့တွင်းလမ်းတွေမှာပင် ဖြစ်စေ ၊ မြို့ရွာခြင်းဆက် လမ်းတွေမှာပဲဖြစ်စေ လမ်းစည်းကမ်း ၊ ယဉ်စည်းကမ်း လိုက်နာတဲ့သူတွေရှိသလို ၊ ဖောက်ဖျက်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီ့အတွက် physically အရ ကျွန်မတို့အဖေပဲ ကားမောင်းတာဖြစ်ပေမယ့် လိုက်ပါသူကျွန်မသည်လည်း စိတ်အားဖြင့် လိုက်မောင်းနေတဲ့အကျင့် ရှိတာကြောင့် ကားအချင်းချင်း ဆက်သွယ်ပြောဆိုကြတဲ့ စနစ်လေးတွေကို အနည်းအပါးတော့ဖြင့် တီးခေါက်မိပါသည်။

ဥပမာဆိုရလျှင် ညဘက်မောင်းကြရတဲ့ ခရီးတွင် မျက်နှာချင်းဆိုင်မှ လာနေသော ကားမီးရောင်သည် မီးကြီးထိုးထားလျှင် တစ်ဖက်ကားမောင်းသူ၏ မျက်လုံးသည် ပြာထွက်သွားကာ အန္တရာယ်ဖြင့် ကြုံရတတ်သည်။ ထို့ကြောင့်ပင် မီးကြီးထိုးထားသည့်ကားကို တစ်ဖက်ကားမှ ကားဘာသာစကားဖြင့် မီးတောက်ပြရသည်မဟုတ်လား။ ရှေ့မီးလေးအား မှိတ်လိုက် ဖွင့်လိုက် လုပ်ပြ၍ မီးတောက်ခြင်း အဓိပ္ပါယ်မှာ

"မင်းကားမီးရောင်က ငါ့မျက်လုံးကို တည့်တည့်ကျနေတာမို့ ကျေးဇူးပြု၍ မီးလေးချပေးပါ"
လို့ ပြောလိုက်ခြင်းပင်မဟုတ်လား။

CUSTOM-FORD-F150-LED-PRE-MK4-HEADLIGHTS-6_2000x.jpg
src

ထိုသို့သော အခြေအနေမျိုးတွင် တချို့သော ကားသမားများက စာနာနားလည်စွာ မီးချ ပေးလေ့ရှိသလို ၊ တချို့သော အတ္တသမားများကတော့ မီးမချပေးသည့်အပြင် အရှိန်ပါတင်လိုက်တာမျိုးကိုလည်း ကြုံရတတ်သေးသည်။ မင်းက ဘာကောင်မို့ ငါ့ကို မီးချခိုင်းရတာလဲ ၊ မချပေးနိုင်ဘူးကွာ ဆိုသည့် အချိုးမျိုးနဲ့ပေါ့လေ။ အမှန်ဆိုရင် သူအန္တရာယ်ကင်းမှ ကိုယ်လည်း အန္တရာယ်ကင်းမှာကို ထိုသူ သဘောမပေါက်ဘူး ထင်ပါတယ်။ တခါတလေ ကားအကောင်းစားကြီးစီးတဲ့သူတွေလည်း ဒီလို စိတ်ဓါတ်တွေရှိနေတာကိုတွေ့ရလို့ အံ့သြရပါတယ်။ နောက်ပြီး တချို့သော ကားကြီးများသည် ကားငယ်များသွားလို့မရစေရန် လမ်းအလယ်ကြောမှနေ၍ ပိတ်မောင်းတာမျိုးလည်း တွေ့ရတတ်ပါသေးတယ်။ သူတို့မှာ ကုန်များတင်ထားသည်ကတစ်ကြောင်း ၊ ကားရဲ့ပင်ကို တန်ချိန်ကိုက များသည်ကတစ်ကြောင်းမို့ အရှိန် မြှင့်မောင်းလို့မရတာကြောင့် အဆိုပါ ကားကြီးများ ရှေ့မှ ပိတ်ထားလိုက်လျှင်ဖြင့် နောက်ကလိုက်ရသည့် ကားငယ်များမှာ တအိအိ ၊ တရွေ့ရွေ့သာ သွားကြပေရော့။ မြေပြန့်ဆိုလျှင်တော့ မြန်မြန်မရောက်သည်ကလွဲလို့ သိပ်အကြောင်းမဟုတ်လှပေမယ့်လည်း တောင်တက်လမ်းများတွင်တော့ ကားငယ်လေးများ အတော် ဒုက္ခရောက်ရသည်။ သိကြတဲ့အတိုင်း အင်ဂျင်ပါဝါက မများလှတဲ့ ကားငယ်လေးတွေဖြစ်တာမို့ အရှိန်လေးရမှ တောင်တက်လမ်းအတွက် အဆင်ပြေပြေသွားလို့ ရမည်မဟုတ်လား။

maxresdefault.jpg
src

အထက်ပါ လူစားမျိုး၊ စိတ်ဓါတ်မျိုးချည်းပဲ တွေ့ကြုံရသည်တော့မဟုတ်ပါဘူးလေ။ တချို့ကားဆရာတွေကြတော့လည်း သူတို့ကားမှာ ဆယ်ဘီးကားလို တွဲကားလို ကားကြီးမျိုးတွေဖြစ်သည်ကို အကြောင်းပြုပြီး အကြီးက အငယ်ကို ညှာတာသလိုကို ညှာတာဖေးမကြသည်လည်း တွေ့ရပါသည်။ ကားငယ်များ ကျော်တက်လို့မရသေးလျှင် အချက်ပြမီးလေးဖြင့် "နေပါဦးကွာ ရှေ့မှာ မရှင်းသေးဘူး ၊ မင်းကျော်မတက်နဲ့ဦး " ဆိုတဲ့ အစ်ကိုကြီးအထာနဲ့ပေါ့။ လမ်းလည်းရှင်းသွားပြီဆိုလျှင် သူကိုယ်တိုင် သူ့ကားကို ဘေးချပေးပြီး "ကဲ သွားလို့ရပြီဟေ့ ၊ သွားနှင့်တော့ကွယ် ၊ ငါနောက်ကပဲ လိုက်ခဲ့မယ် " လို့ ပြောသယောင် အချက်ပြမီးနဲ့ပဲ ပြောတတ်ကြသေးသည်လေ။ အဲ့ဒီ့အခါမျိုးကြလျှင် ကားငယ်လေးက သူ၏ ကျေးဇူးတင်ကြောင်းကို ပြသည့်အနေဖြင့် "တီတီ ၊ တီတီ" ဆိုပြီး ဟွန်းသံလေးပေးကာ ကျော်တက်ကြရသည်။ ထိုသို့ အပေးအယူမျှတသည့် ဆက်ဆံရေးသည် နှစ်ဦး နှစ်ဖက်လုံး နှလုံးပီတီ ဂွမ်းဆီထိစမြဲ မဟုတ်ပါလား။ သိပ်ကို ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေးဆိုတာ ဒါမျိုးထင်ပါရဲ့။

ကချင်ပြည်နယ်ဘက် ခရီးသွားခဲ့တုန်းကလည်း သဘောကျစရာ ကားမောင်းသူများနှင့် တွေ့ခဲ့ရသေးသည်။ အဲ့ဒီ့နယ်ဘက်ဆိုတာ ကျွန်မတို့ မိသားစုနဲ့ အစိမ်းသက်သက်နယ်တစ်ခုဖြစ်တာမို့ google map အားကိုးနှင့် စမ်းတ၀ါးဝါးမောင်းရတာမို့ ခရီးသိပ်မတွင်လှ။ ဒီလိုနဲ့ မြစ်ကြီးနား မြို့အနီးသို့ မရောက်ခင်လမ်းမှာတွင်ပင် မိုးက ချုပ်သွားပါတယ်။ အဲ့ဒါကြောင့် မှောင်လွန်းသွားလျှင်လည်း ကိုယ်မကျွမ်းကျင်တဲ့လမ်းမို့ ဒုက္ခများမှာလည်း စိုးရိမ်၊ မြန်မြန်မောင်းရမှာကလည်း လမ်းကျော အခြေအနေကို မသိ တာမို့ ရှေ့က ဒေသခံကားလေးဖြစ်ဟန်တူသည့် (ကားနံပါတ်အရ) ကားတစ်စီးနောက်ကို အမီလိုက်မောင်းရသည်။ ထိုအခါ အဆိုပါ ကားလေးက မည်သို့ နားလည်သွားသည်မသိ သူ့နောက်က အတင်းလိုက်လာသည့် ကျွန်မတို့ကားကို ပြတ်ကျန်ခဲ့အောင် အရှိန်တင်ကာ မောင်းသွားလေတော့သည်။ သူအထင်လွဲတာကိုလည်း အပစ်ပြောလို့မရဘူးလေ။ ခေတ်ကာလကလည်း မကောင်းဘူးမဟုတ်လား။

beautiful-open-road-cars-driving-on-desert-highway-from-las-vegas-nevada-to-los-angeles-california-1080p-hd_vkestxc4__F0000.png
src

အဲ့ဒါနဲ့ပဲ ကျွန်မတို့ ကားလေးလည်း ထပ်ပြီး စမ်းတ၀ါးဝါး မောင်းလာခဲ့ရင်း ရုတ်တရက် နောက်က Surf ကားတစ်စီးက ကျွန်မတို့ကားကို ကျော်တက်လိုက်ပါတယ်။ ရှေ့ရောက်သွားတဲ့ အဲ့ဒီ့ Surf ကားရဲ့ နောက်မှန်မှာက အဖွဲ့အစည်း တစ်ခုခုရဲ့ အလံ အမှတ်အသား စတစ်ကာ လေးကို တွေ့လိုက်ရတာမို့ ကျွန်မတို့ နည်းနည်းတော့ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သို့သော်လည်းပဲ အဆိုပါကားသည် ကျွန်မတို့ လမ်းမကျွမ်းကျင်မှန်းသိ၍ စောင့်ခေါ်ပေးနေမှန်း တော်တော်ကြာမှ သဘောပေါက်ခဲ့သည်လေ။ ဘာလို့လဲဆိုတော့ ထုံးစံအတိုင်း သူ့ကားက အမြင့်ကားမို့လို့ အနည်းဆုံးတော့ 100 km လောက်အသာလေး မောင်းနိုင်သည်ကို ကီလို ၈၀ လောက်သာ မောင်းပြီး လမ်းမညီညာသည့်နေရာများ ၊ အန္တရာယ်ဂုန်းဆင်းနေရာများ တွင် နောက်မီးလေးဖြင့် အချက်ပြ၍ သတိပေးတတ်သေးသည်။

MYIT KYI NA CITY.jpg

ထိုသို့ ဖြင့် တစ်လမ်းလုံး အဆိုပါ ကားနောက်လေးမှ အသာအယာ လိုက်မောင်းလာရင်းဖြင့် မြစ်ကြီးနားအ၀င် မုခ်ဦး နားရောက်တော့မှ သူ့ကားလေးကို အရှိန်မြှင့်စပြုလာသည်။ မြို့တွင်းလမ်းဖြစ်သည့်အတွက် လမ်းမီးများလည်း အားကောင်းတာမို့ လင်းလင်းရှင်းရှင်း မောင်းလို့ အဆင်ပြေသွားသည့်အတွက်လည်း စိတ်ချလက်ချထားခဲ့ပြီး သူအလိုရှိရာ အရပ်ကို မောင်းနှင်သွားလိုခြင်းဖြစ်ဟန်တူပါရဲ့။ ထို့ကြောင့် အဖေက ကားထဲမှ လက်လေးထုတ်ပြီး "ခုလို စောင့်ရှောက်ပြီးခေါ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်" ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဟွန်းလေး ၂ ချက် ၃ ချက်တီးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အခါမှာ သူကလည်း လက်လေးပြ ၊ ဟွန်းသံလေး ပေးပြီး ၀ူးကနဲ နေအောင် မောင်းထွက်သွားပါတော့တယ်။

i_miss_you_when_i_drive_my_car_by_mebilia-d3c5i2f.jpg
src

ကျွန်မတို့ မိသားစုလည်း ထို ကားလေးအား နောက်မီးလေး မှိန်ပြပြသာ မြင်ရသည်အထိ ငေးကြည့်နေမိပါတော့တယ်။ ချစ်စရာ ၊ မြတ်နိုးစရာ ခရီးဖော် သည်ကား ကျွန်မတို့ ရင်ထဲ အလွမ်းများ ထည့်ပေးခဲ့ရင်း သူအလိုရှိရာအရပ်သို့ ဆက်လက်ထွက်ခွာသွားပါတော့တယ်။ ထိုနေ့ညက တည်းခိုရာ ဟိုတယ် မှာ အနားယူရင်း ကျွန်မ စဉ်းစားမိသည်မှာ ခွန်အားကို အသုံးချပုံခြင်း ကွာခြားကြပါလား ။ တချို့လူတွေက ငါခွန်အားကြီးတာပဲ ၊ ငါချမ်းသာတာပဲ ၊ ငါအာဏာရှိတာပဲ ဆိုပြီး အားနွဲ့သူကို ခွန်အားနဲ့ အနိုင်ယူချင်ကြသည်။ တချို့လူတွေကြပြန်တော့ င့ါမှာရှိတဲ့ ခွန်အား ၊ ဓနဥစ္စာ ၊ အာဏာနဲ့ လူတွေကို ကူညီပေးလိုက်မယ်ဟဲ့ ဆိုတဲ့အတွေးသာတွေးပြီး ၊ ကူညီတဲ့အလုပ်သာ လုပ်တတ်ကြပြန်တယ်။ ဒါဟာလည်း လောကရဲ့ အလှသစ္စာတရားပါလားလို့ ကြည်ကြည်နူးနူးတွေးမိပါရဲ့ ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဟိုတယ်က တီဗွီမှာ ဘုန်းမီးနေလ မဟာအာသောက ဇာတ်လမ်းတွဲ လာနေလို့ ကြည့်မိတဲ့အခိုက် ထိုးထားတဲ့ စာတမ်းလေးက.....

"အခွင့်အာဏာဆိုတာ သူနဲ့ ညီမျှတဲ့ တာဝန်ယူမှု ၊ ပေးဆပ်မှု ရှိမှ တင့်တယ်တယ်။ တည်မြဲတယ်"

quote-there-is-no-power-or-authority-without-responsibility-and-he-who-accepts-the-one-cannot-haile-selassie-86-86-39.jpg
src

###*
ချစ်တဲ့
signature.png
MSC-264
21/9/2018
1:20pm

132 upvotes $0.29

Replies (27)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: