4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တိမ်တွေနေတဲ့အရပ်

IMG_20180924_124631_HDR.jpg
Fig: Around My beautiful work place

"တိမ်တွေနေတဲ့အရပ်"

အဲ့ဒီ့ လင်းလင်း ဆိုသူကြီးက စကားလုံးလှလှလေးတွေ သိပ်သုံးတတ်တာပဲ လို့ နားကြပ်မှတဆင့် နားထဲဝင်ရောက်လာတဲ့ သီချင်းသံတွေကို စီးမြောခံစားမိရင်း ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ဒီနေ့ မနက်သည် တနင်္လာနေ့ဖြစ်သည့်အတွက် မယ်ဂျစ်တို့ မိသားစု မေမြို့ကနေ မန္တလေးပြန်ဆင်းရပါသည်။ ထုံးစံအတိုင်း မနက် (၆)နာရီလောက်ကတည်းက ကားစီးလာခဲ့ရလို့ ငိုက်မြည်းလာရင်း ကားပေါ်ကနေ ကောင်းကင်ကို လှမ်းကြည့်မိလိုက်တော့ "လားလား လှလိုက်တဲ့ တိမ်တွေပါလားကွယ်..." လို့ ပြောထွက်သွားတဲ့အထိ ဒီနေ့ တိမ်တွေ အရမ်းကို လှနေပါတယ်။

42407112_10215265932573950_3043172869690359808_n.jpg
src

တဆက်တည်းတွေးမိတာက ငယ်ငယ်က အဖွားပြောပြောနေကြ စကားလေးတစ်ခွန်း ကိုပါ။ ခုလို မုတ်သုန်ကအဆုတ် ပွင့်လင်းရာသီဘက် ချင်းနင်းလာတဲ့ အကူးအပြောင်းအခိုက်အတံ့လေးတိုင်းမှာ ဖြစ်ပေါ်နေကြ တိမ်ပုံစံလေးဖြစ်တဲ့ တိမ်ငါးကြင်းကွက် လေး ဖြစ်ပေါ်နေလို့ပါပဲ။ ကောင်းကင်တစ်ခွင်လုံး ငါးကြင်းအကြေးခွံတွေလို အကွက်လိုက် အကွက်လိုက်လေး လှလှပပ ဖြစ်ပေါ်နေတာဟာ ကောင်းကင်ပြာနောက်ခံနဲ့မို့လို့ တကယ်ကို ကြည့်မဆုံးနိုင်အောင် လှပနေတာပါ။ မယ်ဂျစ်ရဲ့ အဖွားကတော့ အလုပ်နဲ့လက် ဇယ်ဆတ်သလို မပြတ်တမ်းလုပ်နေရင်းက ဒီလို တိမ်ငါးကြင်းကွက် လေးတွေဖြစ်ပေါ်နေပြီဆိုရင်

"ငါ့မြေး သေချာကြည့်ထား ၊ ဒီတိမ်တွေကို တိမ်ငါးကြင်းကွက်လို့ ခေါ်တယ် ၊ ဒီလို မြင်ရပြီဆိုရင် နောက်ရက်ဆိုရင် ငါးတွေ တအားမြူးပီး ၊ တံငါသည်တွေ ငါးအများကြီးမိတတ်တယ်ကွဲ့" လို့ ပြောပြတတ်ပါတယ်။

river-herring-school.jpg
src

ဒီလို တိမ်တွေဖြစ်ရင် ငါးပေါတတ်တယ်ဆိုတာ တကယ်လား ၊ တိုက်ဆိုင်တာလား ဆိုတာကိုတော့ မယ်ဂျစ် တစ်ခါမှ မဆန်းစစ်ခဲ့ဖူးပါဘူး။ ဘာလို့လဲဆိုတော့ တောင်ပေါ်မြို့ဖြစ်တာကြောင့် မေမြို့မှာက ငါးရှားတယ်လေ..။ တံငါသည်ရယ်လို့လည်း သီးသန့်မရှိကြတာမို့ ဒီလိုတိမ်တွေ ဖြစ်နေပြီဆိုရင် လှလွန်းလို့ ထိုင်ကြည့်နေချင်တာပဲ သိခဲ့တာ...။ နောက်ပြီး ၇ တန်းအင်္ဂလိပ်စာမှာလား ၊ ၉ တန်း အင်္ဂလိပ် ကဗျာမှာလား Cloud Zoo ဆိုတဲ့ကဗျာလေး သင်လာရတဲ့အချိန်မှာ ငယ်ငယ်လေးတည်းက တိမ်တွေကို ပုံဖော်ကြည့်နေကြ ကိုယ့်အတွက် အရမ်းကို ရွတ်ရ ဆိုရတာ အရသာရှိတဲ့ ကဗျာလေးဖြစ်နေတာပေါ့။

IMG_20180924_124107_HDR.jpg
Fig: Cloud which I can see from office's window

CLOUD ZOO

♫I thought I saw a cloud whale
Sail through a sea of blue;
It changed into an elephant ♫ အစချီတဲ့ ကဗျာလေးဟာ ငယ်ဘ၀ရဲ့ အသည်းစွဲ အင်္ဂလိပ်ကဗျာတစ်ပုဒ်ပါပဲ...။

ဒီလိုနဲ့ အသက်အရွယ်ရလာတော့ တိမ်တွေရဲ့ ပုံစံနဲ့ ရာသီဥတုတွေရဲ့ ဆက်စပ် ပတ်သတ်မှုကို စိတ်ဝင်စားလာခဲ့တယ်။ ဒါကြောင့် တိမ်ငါးကြင်းကွက် ဖြစ်ပေါ်မှုနဲ့ ရာသီဥတု ခန့်မှန်းကြပုံတွေကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ တိမ်ငါးကြင်းကွက်မှာ အကြမ်းအားဖြင့် ၂ မျိုး ၂ စားရှိပါတယ်။ တစ်ခု နဲ့ တစ်ခု အမြင့်ပေခြင်း ကွာခြားသလို ပုံသဏ္ဍန်အားဖြင့်လည်း အနည်းငယ်ကွာခြားတတ်ပါတယ်။ ပထမ အမျိုးအစားကိုတော့ Altocumulus mackerel sky လို့ခေါ်ပြီး မြေပြင်ကနေ အမြင့်ပေ ၆၀၀၀ အထက်လောက်မှာ ဖြစ်တည်လေ့ရှိပါတယ်။ ဒီ တိမ်ငါးကြင်းကွက်လေးကို မနက်ခင်းပိုင်း ရာသီဥတု ကြည်လင်နေချိန်မှာ မြင်တွေ့ရရင် နေ့လည်ခင်း (သို့) ညနေခင်းလောက်မှာ ထစ်ချုန်းမိုး ရွာတတ်တယ်လို့ ခန့်မှန်းကြပါတယ်။

42396113_10215265932253942_6554126523262042112_n.jpg
Fig: Altocumulus mackerel sky in Mandalay
src

နောက်တစ်မျိုးကတော့ Cirrocumulus mackerel sky ပေါ့ ။ သူက ပထမတစ်မျိုးထက် ပိုမြင့်တဲ့နေရာမှာ ဖြစ်တည်လေ့ရှိပါတယ်။ များသောအားဖြင့် မြေပြင်မှ ပေ ၂ သောင်းကျော်လောက်မှာ ခပ်ကျဲကျဲ အနေအထားနဲ့ ၀ါဂွမ်းမျှင်လေးတွေလို ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို တိမ်ငါးကြင်းကွက် လေးကို မိုးရွာပြီးတဲ့အချိန်မှာ မြင်ရတယ်ဆိုရင် သေချာပါတယ် နောက်ထပ် (၃)ရက် (၄)ရက်လောက် ရာသီဥတု သာယာပါမှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

1024px-Cirrocumulus_clouds_Thousand_Oaks_July_2010.jpg
Fig: Cirrocumulus sky
src

အဲ့ဒီ့ ၂ ခုကို သေသေချာချာ ခွဲခြားကြည့်မယ်ဆိုရင် Alto က တိမ်အုပ်လေးတွေ ထူထဲပြီး တစ်စုနဲ့ တစ်စုကြားမှာ တိမ်မျှင်တွေ ရှိမနေဘဲ အောက်ခံ ကောင်းကင်ကို ရှင်းလင်းစွာ မြင်တွေ့ရမှာဖြစ်ပြီး ၊ Cirro ကတော့ တိမ်အုပ်လေးတွေက သေးငယ်ပြီး တိမ်မျှင်တန်းလေးတွေနဲ့ ယှက်နွယ်လျှက် ရှိတာကို ခပ်ဝေးဝေးကနေ မြင်ရမှာဖြစ်ပါတယ်။

ဒါက တိမ်ငါးကြင်းကွက် တစ်ခုတည်းရဲ့ ၀ိသေသ နဲ့ အရပ်ခန့်မှန်းချက်လေးတွေသာဖြစ်ပါတယ် ။မိုးလေ၀သ ပညာရှင်များအတွက်ကတော့ တိမ်တွေရဲ့ အနေအထား နဲ့ လေတိုက်ခတ်နှုန်းကိုကြည့်ပြီး ဟာရီကိန်းတို့ ၊ ဆိုက်ကလုန်းတို့ ၊ တော်နေဒို တို့လို မုန်တိုင်းတွေ ၊လေပွေတွေ ဖြစ်ပေါ်မယ့် အလားအလာတွေကိုပါ ခန့်မှန်းနိုင်ကြတာမို့ လေးစားစရာ ကောင်းလှပါတယ်။

အားလုံးသိကြတဲ့အတိုင်း တောတောင် ၊ ရေမြေ နဲ့ ရာသီဥတု ဟာ ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမီ ပတ်သတ်ဆက်နွယ်နေတာဖြစ်တာမို့ ရာသီဥတုတွေ အကြောင်းဟာ သိပ်ကို လေ့လာဖို့ကောင်းတဲ့ ပညာတစ်ခုပါပဲ။ ဒါကြောင့် လေးဖြူရဲ့ သီချင်းတစ်ပုဒ်ထဲက....

♫ "ကမ္ဘာကြီးရဲ့ အခြားတစ်ဘက်မှာ လိပ်ပြာလေး အတောင်တစ်ချက် ခပ်ရင်းက ၊ အစပြုခဲ့ လေပြေမုန်တိုင်းများ" ♫
ဆိုတာ အတိသယ၀ုတ္တိ အလင်္ကာတစ်ခုမျှသာတော့ မဟုတ်တန်ချေ။ ကိုယ်ခုတ်လိုက်တာကတော့ သစ်ပင်တစ်ပင်ပါပဲ ၊ သို့သော်လည်း သစ်ပင်တစ်ပင်သေဆုံးမှုကြောင့် ကမ္ဘာကြီးဟာ ပိုပူပြင်းလာမှာကတော့ အသေအချာပါပဲ။ ကိုယ်ပစ်ချလိုက်တာကတော့ ပလတ်စတစ်အိပ်လေး တစ်အိပ်ပါပဲ ၊ ထိုတစ်အိပ်ကနေ အစပြုသွားတဲ့ ပလတ်စတစ် အမှိုက်ပုံတွေကြောင့် ကမ္ဘာမှာ green house effect တွေဖြစ်ပေါ်လာတာဟာလည်း ငြင်းမရတဲ့အချက်ပါပဲ။ အခြားအကြောင်းအရင်းတွေဖြစ်တဲ့ အဲကွန်း၊ရေခဲသေတ္တာတွေက ထွက်တဲ့ ဓါတ်ငွေ့တွေရယ်၊ စက်ရုံတွေ ကားတွေက ထုတ်လွှတ်နေတဲ့ မီးခိုးငွေ့တွေဟာလည်း ရပ်တန့်လို့လည်းမဖြစ်နိုင်သလို လျှော့ချလို့လည်းမရ နိုင်သေးတဲ့ ခြိမ်းခြောက်မှုတွေပါပဲ။

The-butterfly-effect.jpg
src

ကမ္ဘာကြီး ပူပြင်းလာသည်နှင့်အညီ လေပူစီးကြောင်း များကြောင့် ဖြစ်ပေါ်သည့် မုန်တိုင်းများလည်း တစ်ခုပြီးတစ်ခု ဖြစ်လာသည်ကို မျက်ဝါးထင်ထင် ကြုံတွေ့နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အပြုအမူတိုင်းပေါ်မှာ သတိလေးပြုပြီး တစ်ဦးချင်း တစ်ယောက်ချင်းဆီတိုင်း ဆင်ခြင်ကြဖို့လည်း အရမ်းကိုလိုအပ်နေပါပြီလို့ ထင်ပါတယ်။ ဟာသလေး နှောပြောရရင် မျိုးကြီးရဲ့ သီချင်းတစ်ပုဒ်လိုပဲ ♫ အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင် ♫ နောက်ဆက်တွဲ ပြဿနာတွေဟာ ကြောက်စရာကောင်းတာမို့ ပြင်ဆင်ချိန်ရှိတုန်းလေး ပြင်လိုက်ကြပါစို့နော်...။

########################################****######################################

With loves,

signature.png

MSC-264
24/9/2018

116 upvotes $0.30

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: