4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆဲဆိုခြင်း

ဝိနည်းပါဠိတော်လာ ဆဲရေးခြင်း (၁၀) ပါး

၁။ ဇာတိ = ဇာတ်ကိုထိပါး၍ဆဲခြင်း
၂။ နာမ = နာမည်ကိုဖော်၍ဆဲခြင်း
၃။ ဂေါတ္တ = မျိုးနွယ်ကိုထိပါး၍ဆဲခြင်း
၎။ ကမ္မ = အလုပ်ကိုထိပါး၍ဆဲခြင်း
၅။ သိပ္ပ = အတတ်ပညာကိုထိပါး၍ဆဲခြင်း
၆။ အာဗာဓ = အနာရောဂါကိုစွဲ၍ဆဲခြင်း
၇။ လိင်္ဂ = အသွင်ကိုဖော်ပြ၍ဆဲခြင်း
၈။ ကိလေသ = ကိလေသာတစ်ပါးပါးကိုစွဲ၍ဆဲခြင်း
၉။ အာပတ္တိ = အာပတ်ဖြင့်စွပ်စွဲ၍ဆဲခြင်း
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့်ဆဲခြင်း

သုခမှတ်စု မှ ဆဲရေးကြီးမျိုး (၁၀) ပါး
၁။ စောရောသိ = သူခိုး
၂။ ဗာလောသိ = ငမိုက်
၃။ မူဠှောသိ = ငမေ့ကောင်၊ ငထူ၊ ငထိုင်း
၎။ ထေနောသိ = သူခိုး
၅။ သြဋ္ဌောသိ = ငကုံး ကုလားအုတ်
၆။ မေဏ္ဍောသိ = သိုး၊ ဆိတ်
၇။ ဂေါဏောသိ = ငနွား၊ နွားကောင်
၈။ ဂဒြဘောသိ = မြည်းကောင်
၉။ တိရစ္ဆာနဂတောသိ = တိရစ္ဆာန်ကောင်
၁၀။ နေရယိကောသိ = ငရဲကောင်

သုခမှတ်စု မှ ဆဲခြင်း (၅) ပါး တစ်နည်း

၁။ စုန်းဟုဆဲခြင်း
၂။ ခိုးသူဟုဆဲခြင်း
၃။ ကျွန်ဟုဆဲခြင်း
၎။ အပိုင်းအခြားပျက်သူဟုဆဲခြင်း
၅။ သူသတ်ဟုဆဲခြင်း

ဆဲသည်။
ဆဲကြသည်။
ဆဲနေကြသည်။
ပက်ပက်စက်စက် ယုတ်ယုတ်မာမာ ညစ်ညစ်ညမ်းညမ်း
ရိုင်းရိုင်းစိုင်းစိုင်း ပျစ်ပျစ်နှစ်နှစ်အော်ဂလီဆန်ချင်စရာကောင်းလှသောနည်းမျိုးစုံဖြင့် ဆဲရေးတိုင်းထွာနေကြသည်။

ဆဲခြင်းနှင့်ပတ်သက်၍ ယခင်ကကြားဖူးသော စကားရှိခဲ့သည်။ အဒေါ်သဖွယ် ခင်မင်လေးစားရသောအန်တီတစ်ယောက်ကပြောခြင်းဖြစ်သည်။

ငါးစိမ်းတန်းသည်အဆဲပက်စက်၏။
ထိုထက် ဆင်ခြေဖုံးရပ်ကွက်များတွင် ပို၍အဆဲပက်စက်၏။
ထိုထက် အကျဉ်းထောင်တွင်း၌် ပို၍အဆဲပက်စက်၏။
ထိုထက် စစ်တပ်အတွင်း၌် ပို၍အဆဲပက်စက်၏။

ထိုအဒေါ်သဖွယ်ခင်မင်လေးစားရသော အန်တီ၏ခင်ပွန်းသည် တပ်မတော်တွင် တပ်ရင်းမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

ယခုမူကား ငါးစိမ်းတန်း၊ ဆင်ခြေဖုံးရပ်ကွက်၊ အကျဉ်းထောင်၊ စစ်တပ်အတွင်းတို့ထက် ပို၍ အဆဲပက်စက်သောနေရာကား ပေါ်လာလေပြီးဖြစ်သည်။

ထိုနေရာသည်ကား facebook ဟုခေါ်သော လူမှုကွန်ယက်ပေါ်တွင်ဖြစ်လေသည်။

လူကြီးကလူငယ်ကိုဆဲသည်။
လူငယ်ကလူကြီးကိုဆဲသည်။
လူကြီးအချင်းချင်းဆဲသည်။
လူငယ်အချင်းချင်းဆဲသည်။
အမျိုးသား(ယောက်ျား)ကအမျိုးသမီး(မိန်းမ)ကိုဆဲသည်။
အမျိုးသမီး(မိန်းမ)ကအမျိုးသား(ယောက်ျား)ကိုဆဲသည်။
ယောက်ျားများအချင်းချင်းဆဲသည်။
မိန်းမများအချင်းချင်းဆဲသည်။

ဆဲတတ်သူများ ဂရုထောင်ကာဆဲသည်။
တစ်ယောက်တည်းက အားလုံးကိုပတ်ဆဲသည်။
သိသိမသိသိ ဆဲသည်။
Facebook ပေါ်တွင် ဆဲနည်းမျိုးစုံရှိသည်။

ဝိနည်းပါဠိတော် တွင်လည်းကောင်း ဆရာကြီးဦးသုခ၏ သုခမှတ်စုလာ ဆဲရေးခြင်း (၁၀)ပါး၊ ဆဲရေးခြင်း(၅)ပါးတွင်လည်းကောင်း ပါဝင်သောဆဲနည်းများတွင် အဘယ်သို့သော ဆဲရေးနည်းတွင် ထည့်ရမည်မသိသော ဆဲရေးနည်းလည်းပါ၏။

တစ်ခါကဖတ်ခဲ့ဖူးသော စာတစ်ပုဒ်ကို သတိရမိသည်။
ရန်ကုန်မြို့ တရုတ်တန်းတွင် တရုတ်မနှစ်ယောက် ရန်ဖြစ်ရင်း တရုတ်လို ကျယ်ကျယ်လောင်လောင်ပြောနေကြသည်ဟူ၏။
တစ်ယောက်သောတရုတ်မမှ မြန်မာလို ပျစ်ပျစ်နှစ်နှစ် ဆဲ၏။ ထိုအခါ ကျန် တရုတ်မမှလည်း မြန်မာလို ပြန်ဆဲသည်ဟူ၏။ ဤသို့ဖြင့် နာရီဝက် တစ်နာရီခန့်ကြာအောင် မြန်မာလို ဆဲကြ၏။

အဆဲရန်ပွဲပြီးဆုံးပြီးနောက် တရုတ်မတစ်ဦးကို ဘာကြောင့် တရုတ်လိုရန်ဖြစ်နေရာက မြန်မာလိုပြောင်းဆဲရသလဲလို့ မေးတော့ မြန်မာလိုဆဲမှ ပျစ်ပျစ်နှစ်နှစ် စုံစုံလင်လင် အားရပါးရ ဆဲရတယ် ဟု ပြန်ပြောသောဟူ၏။

ယခုလည်း Facebook ပေါ်တွင်
ဆဲသည်။
ဆဲကြသည်။
ဆဲနေကြသည်။
ပက်ပက်စက်စက် ယုတ်ယုတ်မာမာ ညစ်ညစ်ညမ်းညမ်း
ရိုင်းရိုင်းစိုင်းစိုင်း ပျစ်ပျစ်နှစ်နှစ်အော်ဂလီဆန်ချင်စရာကောင်းလှသောနည်းမျိုးစုံဖြင့် ဆဲရေးတိုင်းထွာနေကြဆဲပင်ဖြစ်သည်။
image
writing by SMT 45

39 upvotes $0.03

Replies (37)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: