4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မိသားစုဘဝ

20180304_135312.jpg      မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုဆိုတာဘာလဲ။ ကျွန်တော့်အတွက်တော့ မိသားစုပျော်ရွှင်မှုဆိုတာ မိသားစုဝင်တွေ စည်းစည်းလုံးလုံးနေနေတာကိုပဲ မိသားစုပျော်ရွှင်မှုလို့ ပဲပြောချင်ပါတယ်။ မိသားစု အကြောင်းဆိုတော့ ကျွန်တော့် အကြောင်းလေး ပြောပြချင်တယ်။  ကိုယ့်ဘဝ ကိုယ့်အကြောင်းကို ရေးတာမို့ လို့  အားလုံးနဲ့ တော့ ထပ်တူကျမယ်လို့ တော့ မထင်ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် မိသားစု တစ်ခုကို တည်ထောင်ပြီးနောက်ပိုင်းမှာ ကျွန်တော့်လိုပဲ ပြောင်းလဲသွားတတ်မယ်လို့ ယုံကြည်ပါတယ်။20170709_134320-1.jpg
        ကျွန်တော် ငယ်ငယ်က အိမ်မှာနေရတဲ့ အချိန်ဆိုတာရှားတယ်ဗျ။ ကျောင်းက ပြန်လာတာနဲ့ ကျူရှင်သွား ကျူရှင်က ပြန်လာရင်တော့ ညခင်းဆော့ဖို့ ပဲ စဉ်းစားထားတာလေ။ ကျောင်းပိတ်တဲ့ရက်တွေကျတော့လည်း အိမ်မှာသိပ်ပြီး နေစရာ မလိုဘူးလေ။ အဖေနဲ့ အမေက အမြဲ အလုပ်လုပ်နေရတာဆိုတော့ ပိတ်ရက်ဆိုတာ ပိုလို့ တောင်လွပ်လပ်သေးတယ်။

သူငယ်ချင်းတွေအိမ်မှာ နေရင်နေ မဟုတ်ရင် အိမ်ကို သူငယ်ချင်းတယ်ယောက်ခေါ်ပြီးနေတတ်တယ်။ မိသားစုထဲမှာ ကျွန်တော်က အကြီးဆုံး။ပြီးတော့ ညီတစ်ယောက်ပဲ ရှိတယ်။ ညီကိုတော့ အိမ်မှာဆော့ခိုင်းပြီး ကိုယ်ကတော့ လျှောက်သွားနေတာဆိုတော့ အပြင်မှာနေရတဲ့ ဂျလေဘီဘဝကိုပဲ ပိုကြိုက်တတ်လာတယ်။ မိဘကလည်း ယုံကြည်မှုပေးထားတော့ ပိုဆိုးပေါ့ဗျာ။ သူများတွေ ၇ တန်း ၈တန်း လောက်မှာ ညလုံးပေါက်အပြင်ထွက်ခွင့် ရှိမရှိဆိုတာ မသိပေမဲ့ ကျွန်တော်ကတော့ ကြိုက်တဲ့ အချိန်မှာ အိမ်ပြန်အိပ်လို့ ရတယ်။ အိမ်လည်း မကပ်ဖြစ်ပါဘူး။ အိမ်မှာနေလည်း ပျော်စရာ အချိန်ဆိုတာ ရှားတာကိုးဗျ။

          အဲ့လိုနဲ့ ပဲ အိမ်မှာမပျော်ပဲလမ်းမှာပျော်တဲ့ လမ်းပျော်လေးတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာတာပေါ့။ ဆယ်တန်းရောက်တော့ကျူရှင်မှာ အိပ် ကျူရှင်မှာနေတယ်။ ဘော်ဒါဆောင် သဘောမျိုးမဟုတ်ပေမဲ့ ဆရာက အိမ်တစ်အိမ် ငှားပေးပြီး အဲ့မှာ နယ်ဝေးကလညတက်တဲ့သူတွေကို နေဖို့ စီစဉ်ပေးထားတာလေ။ အဲ့မှာပဲ ကိုယ်ကလည်း နေတယ် အိပ်တယ်။ ဒါပေမဲ့ ညခင်းကျတော့ ဆရာက မအိပ်ဘူးလေ။ လွပ်လပ်ရေးတွေရခဲ့တာပေါ့။

          ပြီးတော့ တောင်ငူမှာ ကျောင်းတက်တော့ အဆောင်နေပြီး တက်ရတယ်။ အဲ့လိုနဲ့  ကျောင်းပြီးတော့ အလုပ်ရှာပြီး အလုပ်လုပ်တာပေါ့ဗျာ။ အလုပ်က အင်းတကော်မှာ။ အင်းတကော်နဲ့ ပဲခူးဆိုတာ အသွားအပြန်မှ တစ်နာရီလောက်ပဲ ကြာတာပါ။ ဒါပေမဲ့ အဆောင်ပေးတယ်လေ။ အဆောင်ပေးတော့ အဆောင်မှာနေတယ်။ ပဲခူးက သူတွေ တစ်လကို နှစ်ခါလောက်တော့ အနည်းဆုံးပြန်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ အိမ်ကို ၂လနေမှ တစ်ခေါက်တောင် မပြန်ဖြစ်ဘူး။ အိမ်မှာ နေလည်း ပျင်းတာပဲလေ။ ဘယ်သူမှ မရှိတာပဲကို။ အဲ့တော့ ကျွန်တော် အဆောင်မှာ အမြဲရှိတတ်တယ်။ အိမ်ကို တော်ရုံ မပြန်တတ်ဘူး။

            အဲ့လိုနဲ့ ကျွန်တော် အိမ်ထောင်ကျပါလေရော။ အိမ်ထောင်ကျပြီးလို့ လည်း ကျွန်တော် အိမ်မှာနေတဲ့အချိန်ထက် လမ်းထွက်တတ်တဲ့ အချိန်ကပဲ များနေခဲ့တာပါ။ အဲ ထပ်ပြီး သားသားလေးကို မွေးတယ်ဗျာ။ ဒါလည်း ကျွန်တော် အရင်လိုပါပဲ။ အိမ်စောင့်နတ်နဲ့ မတည့်ဘူးဆိုတာ ကျွန်တော့်လိုလူကို ပြောတာဖြစ်မယ်။

           တစ်ခါတစ်လေ ပြောင်းလဲချိန်တန်တဲ့အခါ လူတွေပြောင်းလဲသွားတတ်တယ် ဆိုတာ မှန်တယ်ဗျ။ ကျွန်တော်လောင်းကစား အရမ်းလုပ်တယ်။ အမြဲအရှုံးပေါ်တယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ အခါ အကြွေးတွေတင်လာတယ်။ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အချိန်မှာ မိန်းမကို ပြောပြတော့ မိန်းမက စိတ်ဆိုးတာပေါ့ဗျာ။ မဆိုးပဲနေမလား။ ကလေးကလည်း အရွယ်ရောက်လာမှာလေ။ လက်ထဲမှာလည်း စုမိဆောင်းမိ တစ်ခုမှမရှိတဲ့အပြင် အကြွေးပါ တင်နေတော့ စိတ်ဆိုးပြီပေါ့။ ဒါပေမဲ့ သားသား ကြောင့် ပြဿနာ အကြီးကြီး မတက်ခဲ့ပါဘူး။ အခု ဒီစာကို ရေးနေတဲ့ အချိန်ထိ ကျွန်တော် အကြွေး မကြေသေးဘူးဗျ။ ဒါပေမဲ့ အရင်ကလို စိတ်မဆင်းရဲရတော့ဘူး။ မိသားစုကို အချိန်ပေးတတ်လာတယ်။ အဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို သဘောကျလာတယ်။20170902_180822.jpg

           စိတ်တစ်ချက်ရဲ့ စေစားရာက လူ တစ်ယောက် ကို အများကြီး ပြောင်းလဲစေတယ်။  ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့ မိန်းမကို တစ်ချက်လောက်တော့ ပြန်ဂရုစိုက်သင့်တယ်လို့ တွေးမိပြီးနောက်တော့ အရင်လို အပြင် ထွက်ပြီး သောက်စားနေဖို့  စိတ်ကူးကို လျော့ချလိုက်တယ်။အိမ်မှာ နေနေရတဲ့ အချိန်တွေမှာ အရင်ကဆိုရင် ဂိမ်းဆော့ရင်ဆော့ ဒါမှမဟုတ် အိပ်နေတတ်တာလေ။ အခုတော့ သားသားနဲ့ ဆော့ရင်ဆော့ မဆော့ရင် အိမ် အလုပ်လေးတွေ လုပ်ပြီး မိသားစုလေး ပျော်ပျော်ရွှင် နေရတဲ့ အချိန်ကိုပျော်တတ်လာတယ်။ တစ်ဆက်တည်း စဉ်းစားမိလာတာက တစ်ကယ်လို့ ငါသာငယ်ငယ်က မိသားစုနဲ့  ဒီလိုနေခဲ့ရမယ် ဆိုရင် မိသားစုမှာ ပျော်ရွှင်စရာတွေ အစောကြီး ရှာဖွေတွေ့ ရှိပြီး ခုအချိန်မှာ စိတ်ဆင်းရဲစရာ တစ်ခုတောင်ရှိမှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။ ပြီးတော့ ငါတို့ သားသားလေးကိုလည်း မိသားစုမှာ ပျော်ရွှင်တတ်အောင် ထားပေးပြီး ငါ့လို မဖြစ်ရအောင် ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ အသိဝင်လာခဲ့ပါတယ်။20180218_173717.jpg

      အခုဆိုရင် ကျွန်တော်တို့ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နဲ့  ဘဝကို ဖြတ်သန်းနေကြပါပြီ။ အားလပ်ရက်တွေမှာ အဖေ့ဆီကို သွားကြတယ်။ အလုပ်ပိတ်ရက် ရက်ရှည်တွေမှာဆိုရင် အပန်းဖြေ ခရီးတွေသွားကြတယ်။ များသောအားဖြင့်တော့ အနီးအနားကလည်စရာလေးတွေကိုပဲလည်ပတ် ကြတာပေါ့။အနီးအနားမှာလည်း လည်ပတ်စရာနေရာတွေက အများသားကိုးဗျ။ တစ်ကယ်လို့  Steemit က သူငယ်ချင်းများလည်း ပဲခူးရောက်လို့  အနောက်တော ဘုရားများ ဖူးချင်တယ်ဆိုရင် ကျွန်တော်တို့ မိသားစုက လိုက်ပို့ ပေးပါ့မယ်။ Steemit အဖွဲ့ သားများလည်း မိသားစုကို များများ အချိန်ပေးပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆန္ဒပြုရင်း ဒီ post လေးကို ရပ်နားလိုက်ပါတယ်။ အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ။20180218_173743.jpg



written by @zinminnaing

MSC 237

61 upvotes $0.58

Replies (30)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: